
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ဆောင်းနန်းခဲကျေးရွာမှာ တပ်စွဲနေတဲ့ PNO ပြည်သူ့စစ်ကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီး နောင့်စိုင်းသေဆုံးပြီး တပ်သား ၃ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၆ ရက် မနက် ၈ နာရီကျော်လောက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒရုန်းဗုံးစက ဗိုလ်ကြီးနောင့်စိုင်း ရင်ဘတ်မှာ ဖောက်ဝင်ပြီး သေဆုံးသွားကာ ဒဏ်ရာရသူ တပ်သား ၃ ဦးကတော့ အောင်ပန်းစစ်ဆေးရုံမှာ ဆေးကုသနေတယ်လို့ ဆိုပါတယ်။
သတင်းရင်းမြစ်တဦးက “သေဆုံးတဲ့ နောင့်စိုင်းက PNO တပ်ထဲ ဝင်တာတော့ ကြာပြီ။ ရုရှားက နည်းပြဆရာပေးတဲ့ ဒရုန်းသင်တန်းဆင်းတာမကြာသေးဘူး။ ဒဏ်ရာရတဲ့ ၃ ယောက်လည်း တူတူပဲ၊ သူတို့ တူတူသင်တန်းဆင်းထားတာ။ ခုတိုက်ခိုက်ခံရတာ တော်လှန်ရေးတပ်ဒရုန်းကို သူတို့ ဒရုန်းထင်ပြီး ဝိုင်းကြည့်ကြတာ။ သူတို့နေနေတဲ့နား အချိန်ကြာပျံဝဲနေလို့ ဝိုင်း ကြည့်နေတုန်းပဲ ရှိသေးတယ် ဒရုန်းက ဗုံးကြဲချလိုက်တာ” လို့ ပြောပါတယ်။
သေဆုံးသူ နောင့်စိုင်းရဲ့ ဖခင် PNO ပြည်သူ့စစ် ဗိုလ်ကြီးဆရာလာ လည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုက ဆောင်နန်းခဲရွာနဲ့ ၃ မိုင်သာဝေးတဲ့ ညောင်ရွှေမြို့နယ် ထီရီးရွာ တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တူးမီးသေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ကြီး နောင့်စိုင်းဟာ သစ်နဲ့ မူးယစ်ဆေး၀ါးကို တွင်တွင်ကျယ်ကျယ် ရောင်း၀ယ်နေသလို ငွေကြေးကောက်ခံတာ၊ ဒေသတွင်း မူးယစ်ဆေး၀ါး ရောင်း၀ယ်သူ သုံးစွဲသူတွေကို ဖမ်းဆီးကာ ငွေဒဏ်ရိုက်အပြစ်ပေးတာကြောင့် နမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့မှာလည်း ဆောင်းနန်းခဲရွာရှိ နေအိမ် ၄၀ ကျော်ကို PNO ပြည်သူ့စစ်တွေက မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။