
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာလေးက ဒေသခံနဲ့ စစ်ဘေးရှောင် ပြည်သူ အယောက် ၁၆၀ လောက် ဖျားနာနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ထွန်းမြန်မာဒိုနေးရှင်းက သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။
ထွန်းမြန်မာဒိုနေရှင်းက “လွန်ခဲ့တဲ့ တပတ်လောက်စပြီး နှာစေး ချောင်းဆိုးကနေ စဖြစ်တာပဲ၊ အဲကနေစပြီး တုပ်ကွေးတွေ ဝင်ပါလေရော။ တအိမ်မှာ တယောက်ဖြစ်ရင် တခြားသူတွေပါ ကူးပြီး တရွာလုံးနီးပါးကို ဖြစ်တာ” လို့ ပြောပါတယ်။
ကလေးသူငယ်ကနေစပြီး သက်ကြီးရွယ်အိုတွေအထိ အဖျားကူးစက်ပြီး တရွာလုံးနီးပါး တုပ်ကွေးဖြစ်နေတာ တပတ်ကျော်နေတာကြောင့် ဆေးဝါးကုသပေးဖို့အတွက် ကျန်းမာရေး စောင့်ရှောက်ပေးသူတွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဆေးဝါးကုသဖို့အတွက်လည်း ငွေကြေးနဲ့ ဆေးဝါးအခက်အခဲတွေ ကြုံနေရပြီး စာသင်ကျောင်းက အစ ပိတ်ထားရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မိုးတွင်းကာလ ဖြစ်တာကြောင့် နှာစေးချောင်းဆိုးရောဂါ အဖြစ်များပြီး တုပ်ကွေးကူးစက်မှုတွေ မြန်ဆန်နေသလို ဆေးဝါးမလုံလောက်မှုတွေကလည်း ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေအတွက် အခက်အခဲ ဖြစ်နေတာလို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီက ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေက မိုးရာသီမှာ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ကြုံတွေ့ခံစားရပြီး ဆေးဝါးလုံလောက်မှု မရှိတာကို နှစ်စဥ်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတွေက ပြောပါတယ်။










