
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်ရှိ မိုးဗြဲနဲ့ ဖယ်ခုံဒေသတွေကို စစ်အာဏာရှင်တပ်က စစ်ရေးအရ ပုံမှန်ထက် ဖိအားပေးလာနေပြီး နယ်မြေစိုးမိုးဖို့အတွက် စစ်အင်အားတိုးချဲ့ ပြင်ဆင်နေပါတယ်။
မိုးဗြဲမြို့နဲ့ ဖယ်ခုံဒေသဘက်တွေမှာ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းပါတဲ့ စစ်ကြောင်းတွေက စစ်ရေးအရ ဖိအားပိုပေးလာနေပြီး အင်အားဖြည့်တင်းတာနေတာလို့ မြေပြင် စစ်ရေးရင်းမြစ်က ပြောပါတယ်။
လက်ရှိ မိုးဗြဲနဲ့ နန်းမယ်ခုံကြားမှာရှိတဲ့ လွယ်ယင်းတောင်ခြေတဝိုက်မှာ စစ်တပ်စစ်ကြောင်းနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း စစ်ရေးရင်းမြစ်က ဆိုပါတယ်။
“လောလောဆယ်တော့ ဒီ ဟိုဟာဘက် နည်းနည်းစိုးရိမ်ရမယ်။ လွယ်ယင်းတောင်ခြေတို့ဘက်လေ၊ မိုးဗြဲနဲ့ နန်းမယ်ခုံကြားပေါ့။ သူတို့ (စစ်ကြောင်း) မတိုးနိုင်သေးဘူး။ နေ့တိုင်းနီးပါး ထိတွေ့မှုတော့ ဖြစ်တယ်။”
စစ်တပ်စစ်ကြောင်းဟာ မိုးဗြဲအနောက်ဘက်ခြမ်းအပြင် ပင်လောင်းဘက်မှတဆင့် တောင်စလုံး၊ မြောက်စလုံးဘက်ကိုပါ လူအင်အား တိုးချဲ့ချနေတယ်လို့လည်း ကရင်နီကြားကာလအစိုးရ (IEC) ရဲ့ အတွင်းရေးမှူး-၂ ကိုဗညားခွန်အောင်က ထပ်မံအတည်ပြုပါတယ်။
စစ်အာဏာရှင်တပ်ဟာ တဖက်မှာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်လူထု စိတ်ဓာတ်ကျဆင်းအောင် စစ်ရေးနဲ့ တွန်းအားပေးတဲ့နည်းလမ်းကိုသုံးနေသလို တဖက်မှာတော့ စစ်ရှောင်တွေ နေရပ်ပြန်လာပြီး စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်ကို ပြန်လာနေဖို့ ဖိအားပေးနေတယ်လို့ ကိုဗညားခွန်အောင်က ပြောပါတယ်။
“တဖက်မှာ ဖိအားပေးတယ်၊ နောက် တဖက်မှာကလည်း ပြန်မြှူဆွယ်တဲ့ စနစ်ကို သုံးနေပြီးတော့မှ ဒီ မိုးဗြဲ၊ ဖယ်ခုံဘက်ကို စစ်ရေးအရ အရင်တုန်းကထက် ပိုပြီး ဖိအားပေးတယ်လို့ ကြားမိတာ ရှိတယ်။ ဖိအားပေးပြီးတော့မှ နယ်မြေစိုးမိုးရေးအချို့ ပြန်လုပ်မယ်။ ဖိအားပေးပြီး တော့မှ လူထုတွေကို သူတို့အုပ်ချုပ်နေတဲ့ ဖယ်ခုံမြို့ပေါ်နဲ့ မိုးဗြဲရပ်ကွက်အချို့မှာ ပြန်နေနိုင်အောင် အစီအစဉ် တွေရှိတယ်လို့ သိရတယ်။”
ပြီးခဲ့တဲ့လက မိုးဗြဲမြို့ကို ပြန်လာတဲ့ ဒေသခံ စစ်ရှောင်အယောက် ၂၀၀ နီးပါးကို မိုးဗြဲမြို့ ၄၂၂ တပ်အနီးရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ စစ်တပ်က အကျယ်ချုပ်ပုံစံနဲ့ လက်ခံထားပြီး မြို့အဝင်အထွက်ကို ကန့်သတ်ခဲ့ပါတယ်။
နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့ စစ်ရှောင်တွေမှာလည်း စားဝတ်နေရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရသလို လက်ရှိ ကျောင်းဖွင့်ရာသီမှာ စစ်ရှောင်ကလေးငယ်တွေရဲ့ ပညာဆက်သင်နိုင်ဖို့လည်း ရုန်းကန်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။











