
အီရန်ဟာ လောလောဆယ်မှာ အမေရိကန်နဲ့ တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ် အာရက်ချီက ဇွန် ၂၆ ရက် နိုင်ငံပိုင် ရုပ်သံအင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ ဝါရှင်တန်က နောက်တပတ်မှာ အီရန်နဲ့ဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားတယ် ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြောကြားချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ချီက “အပစ်အခတ်ရပ်စဲရေးကိုယ်တိုင်က စေ့စပ်ညှိနှိုင်းမှုရဲ့ ရလဒ်ဖြစ်လို့ အပစ်အခတ်ရပ်စဲရေးကို လက်မခံပါဘူး။ အပစ်အခတ်ရပ်စဲရေးကို လက်မခံဘူးလို့ ပြောခဲ့သလိုပဲ စစ်ဆင်ရေးတွေ ရပ်ဆိုင်းတာကိုလည်း လက်မခံပါ။ ဒါပေမဲ့ ဇီယွန်ဝါဒီအစိုးရက တိုက်ခိုက်မှုတွေ ဆက်မလုပ်တော့ဘူး ဆိုရင်တော့ အီရန်လည်း ဆက်တိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” လို့ ပြောဆိုပါတယ်။
အခု ညှိနှိုင်းမှုတွေ ပြန်စဖို့ သဘောတူညီမှု မရသေးကြောင်းနဲ့ ဘာသဘောတူညီချက်မှလည်း မလုပ်ရသေးသလို ဘာကတိမှလည်း မပေးထားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါလို့ဆိုပါတယ်။
ဒါပေမဲ့ အီရန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဘာတွေကို ဆန်းစစ်နေလဲ ဆိုတာကတော့ တခြားဆွေးနွေးမှုပါလို့လည်း အီရန်ဝန်ကြီးကဆိုပါတယ်။
“အီရန်ဟာ လက်ဘနွန် မဟုတ်ပါဘူး။ သူတို့လုပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာကို အကောင်အထည် ဖော်နိုင်မယ်လို့ သူတို့ထင်ထားသလို ဖြစ်မှာမဟုတ်ဘူး။ ဥပမာအားဖြင့် စစ်ပွဲ ပြန်စမှာကို စိုးရိမ်လို့ ကျနော်တို့က နောက်ပြန်ဆုတ်သွားမှာ မဟုတ်ဘူး။ သူတို့ အရေးယူရင် ကျနော်တို့ ချက်ချင်း တန်ပြန် အရေးယူသွားမယ်။”
အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခဲ့မှုကြောင့် ပြီးခဲ့တဲ့ ၅ ကြိမ်လောက် ဆွေးနွေးမှုတွေ ပြတ်တောက်သွားခဲ့အပြီးမှာ တီဟီရန်ဟာ အမေရိကန်နဲ့ ဆွေးနွေးဖို့ စိတ်ဝင်စားမှု ရှိ၊ မရှိ ချင့်ချိန်နေတယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး အက်ဘာ့စ် အာရက်ချီက ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အဲဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့ နျူကလီးယားလက်နက် ဖန်တီးနိုင်စွမ်းကို ဟန့်တားဖို့သာ ရည်ရွယ်ကြောင်း ပြောဆိုခဲ့ပြီး အီရန်ကလည်း သူ့ရဲ့ နျူကလီးယားအစီအစဉ်ဟာ အရပ်ဘက် အသုံးပြုမှုအတွက်သာ ဦးတည်ကြောင်း ပြောထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီက နျူကလီးယားစက်ရုံတွေ ပျက်စီးမှုဟာ နည်းနည်းနောနော မဟုတ်ကြောင်းနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက အီရန်ရဲ့ နျူကလီးယားအစီအစဉ်ရဲ့ အဖြစ်မှန်အသစ်တွေကို ရှာဖွေနေကြောင်း ပြောကြားခဲ့ပြီး အီရန်ရဲ့ အနာဂတ် သံတမန်ရေးရပ်တည်ချက်ကို အသိပေးသွားမယ် လို့လည်း ဆိုပါတယ်။
Source:Reuters