DVB Logo
Home
မြန်မာသတင်း
R2P အကောင်အထည်ဖော်ရန်နှင့် စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းအမြန်ထုတ်ရန် ကုလညီလာခံ၌ သံအမတ်ကြီး တောင်းဆို 
DVB
·
June 27, 2025
R2P အကောင်အထည်ဖော်ရန်နှင့် စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းအမြန်ထုတ်ရန် ကုလညီလာခံ၌ သံအမတ်ကြီး တောင်းဆို 
Donate to DVB

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကာကွယ်မှုပေးရန်တာဝန်ရှိမှု (R2P) ကို အကောင်အထည်ဖော်ပြီး ကူကယ်ရာမဲ့နေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးကြဖို့နဲ့ ICC တရားရုံးက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းအမြန်ထုတ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်ကနေ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဇွန် ၂၅ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ်  ၈၀ မြောက် မျက်နှာ စုံညီအစည်းအဝေးမှာ “ကာကွယ်မှုပေးရန်တာဝန်ရှိမှု (R2P) နဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ ကာကွယ်တားဆီးရေး နှစ် ၂၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စား မိန့်ခွန်းပြောကြာခဲ့တာပါ။ 

ဒီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိမိတို့အားလုံးအနေနဲ့ R2P စံနှုန်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ စည်းမျဉ်းတွေနဲ့ လူသားဆန်မှုတို့အပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ ပျက်ကွက်နေတယ်လို့  ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ တရားခံဖြစ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ ရုံးတင်စစ်ဆေးနိုင်ဖို့ ဖမ်းဝရမ်းမိန့်ကို အချိန်မီထုတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ မတရား စစ်အာဏာသိမ်းမှု တနှစ် ထပ်တိုးလာခဲ့ပြီဖြစ်ပေမဲ့ အသိအမှတ်ပြုနိုင်လောက်တဲ့ တိုးတက်မှု မရှိပါကြောင်း၊ မြန်မာပြည်သူတွေဟာ စစ်အုပ်စု ကျူးလွန်နေတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ကြံ့ကြံ့ခံ အန်တုနေရကြောင်း၊ စစ်အုပ်စုရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ပြည်သူဦးရေ ၆,၈၀၀ ကျော်ရှိလာကာ လူပေါင်း ၃ သန်းခွဲ ကျော် နေရပ်စွန့်ခွာနေရပြီး သန်း ၂၀ ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သံမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်  စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၉၈၂ ကြိမ် ကျူးလွန်ခဲ့ပြီး ဒီဖြစ်စဉ်တွေအတွင်း ကလေးတွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားသေဆုံးမှု ၆၀၈ ယောက်နဲ့  ထိခိုက်မှု ၁,၃၀၈ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၂၆ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ တံခါးဖွင့် အစည်းအဝေးမှာလည်း  သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ချိန်ကစလို့  ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှုတွေ သိသိသာသာမြင့်တက်လာခဲ့ကြောင်း ပြောပါတယ်။ မြန်မာကလေးသူငယ်တွေဟာ အခြေခံကျတဲ့ ပညာသင်ယူခွင့်နဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို ဆုံးရှုံးနေတဲ့အပြင် စစ်တပ်က ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှု ဒဏ်ကိုလည်း ခါးစည်းခံနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။ 

ပြည်သူလူထုတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခံရခြင်းမှ ကာကွယ်ပေးဖို့ နိုင်ငံတွေမှာ တာဝန်ရှိတဲ့အကြောင်းပါဝင်တဲ့ R2P စည်းမျဉ်းကို  ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှာ အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို   သန်းနဲ့ချီတဲ့ ပြည်သူလူထုတွေက ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြချိန်မှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ စလုပ်ချိန်ကတည်းက  R2P အရ အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လျစ်လျူရှုထားခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို စစ်ဆေးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားခဲ့ပေမဲ့ အခုအချိန်အထိ ဖမ်းဝရမ်းထုတ်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013