DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က အသက် ၇၀ အရွယ်အမျိုးသမီးကြီး ၁ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်
DVB
·
June 27, 2025
စစ်ကောင်စီတပ်က အသက် ၇၀ အရွယ်အမျိုးသမီးကြီး ၁ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်က ကညုံကျွန်းရွာခံ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတယောက်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ(ထားဝယ်)အဖွဲ့က ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်၊

ဇွန် ၁၄ ရက်မှ ဇွန် ၂၄ ရက်အထိ ကညုံကျွန်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ချိန် ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းဖြစ်သူကို ပြုစုဖို့နေအိမ်မှာနေခဲ့တဲ့ အမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက တယောက်က အခုလို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်

အဆိုပါ အသက် ၇၀ အရွယ် အမျိုးသမီးကို ခင်ပွန်းရှေ့မှာအပါအဝင် ၂ ရက်ဆက်တိုက် ၅ ကြိမ်အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ(ထားဝယ်)အဖွဲ့က DVB ကို အတည်ပြုပါတယ်၊

သမဂ္ဂအဖွဲ့ဝင် ခရုက “အဲဒီစစ်တပ်ဝင်လာချိန်မှာ သူ့အမျိုးသားကလည်း ဆီးချို သွေးတိုးကြောင့် ခြေထောက်နှစ်ဖက် စလုံးမကောင်းတော့ မပြေးနိုင်တော့ သူနဲ့ သူ့အမျိုးသားတို့ကကျန်ခဲ့တာ။ စစ်တပ်ကလည်းနေလို့ ရတယ်ဘာမှမလုပ်ဘူးဆိုပြီး ပြောတယ်တဲ့၊ အဲတာ သူ့အမျိုးသားကို သေနတ်နဲ့ ချိန်ပြီးတော့ အမျိုးသားရှေ့မှာပဲ rape လုပ်ခဲ့တာ၊ အရင်တုန်းကတည်း စစ်တပ်ဆိုတာ ဖက်စစ် စစ်တပ်ဆိုတဲ့အတိုင်း ပြည်သူတွေကို အရက်စက်ဆုံး အယုတ်ညံ့ဆုံး လုပ်နေကြတာပဲ” လို့ ပြောပါတယ်၊

အဓမ္မပြုကျင့်ခဲ့တဲ့စစ်သားက အသက် ၄၀ ကျော်အရွယ်ရှိပြီး အဲဒီစစ်သားအား 'ဖိုးချေ' လို့ နာမည်ခေါ်တာ ကြားရကြောင်း နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ(ထားဝယ်)အဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊

“ဒါ အတော်ရက်စက်လွန်းတယ်၊ အခုဆို အဲဒီအဘွားရဲ့ အမျိုးသမီးကိုယ်က သွေးတွေရွှဲလို့ ခန္ဓာကိုယ် အောက်ပိုင်းက လမ်းတောင်မလျှောက်နိုင်တော့ဘဲ အောက်ပိုင်းသေသလိုဖြစ်နေတယ်၊ အခုဆေးခန်းပြ ပိုးသတ်ဆေးတွေသောက်ပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့အခြေအနေတောင်ဖြစ်နေတယ်။ အရမ်းကိုလည်း ကြောက်နေတယ်။ ထမင်းလည်းမစားနိုင်ဘူး တော်တော်လေးကို ဆိုးပါတယ်။” 

ဒီလို ဖြစ်ရပ်တွေကြောင့် စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ဝင်လာချိန်ဆို ကျေးရွာအတွင်းမှာ လူငယ်လူကြီးမကျန် အကုန်လုံးမိုးထဲရေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်၊

ကညုံကျွန်းကျေးရွာကို ဝင်လာတဲ့ စစ်ကြောင်းက ဇွန်လ၁၄ မှာစတင်ဝင်လာပြီး ဇွန် ၁၂၄ ရက်မှာ ပြန်ဆုတ်သွားတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းက လမ်းတလျှောက်က ကျေးရွာတွေနဲ့ ကညုံကျွန်းရွာက ဒေသခံစုစုပေါင်း ၁၀၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ တချို့ဒေသခံတွေကို သတ်ဖြတ်ကာ လမ်းမှာ ပစ်ထားခဲ့တာနဲ့ ကျေးရွာတွေအတွင်းက တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတာတွေလည်း ရှိတယ်လို့ ဒေသခံအဖွဲ့အစည်းတွေထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့  လူသတ်၊ အဓမ္မပြုကျင့်၊ ပစ္စည်းလု ခိုးယူမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013