DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်တပ်က မသန်စွမ်း ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့
DVB
·
June 27, 2025
ကန့်ဘလူတွင် စစ်တပ်က မသန်စွမ်း ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲကို ဇွန် ၂၃ ရက်က စတင်ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဆွံ့အသူတယောက် အပါအဝင် ပြည်သူ ၉ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ဆီကနေ သိရပါတယ်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကန့်ဘလူ ၆၀၀၆ တပ်က စစ်သားတွေနဲ့ ပျူ‌စောထီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းက ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာတွေကို ဝင်ပြီး ဖျက်ဆီးတာ ၃ ရက်လောက် ရှိတယ်။ အဓိက ဖျက်ဆီးခံရတာကတော့ ဖိုလ်ကုန်း၊ သပြေသာနဲ့ ကျောင်းကုန်းရွာတွေပါ။ စစ်ကြောင်းထွက်သွားလို့ ရွာတွေထဲကို ဝင်ရှင်းကြတဲ့အခါမှာ မီးလောင်ပျက်စီးခဲ့တဲ့အိမ်က အရင်ခန့်မှန်း ၃၀ လောက်လို့ ပြောထားတဲ့ အရေအတွက်ထက်ကို အများကြီးပိုနိုင်တယ်။ လောလောဆယ်တော့ ဒဏ်ရာတွေနဲ့ အသတ်ခံထားရတဲ့ အလောင်း ၉ လောင်း တွေ့ထားတယ်။ ညှဉ်းပန်းနှိပ်စက်ပြီးမှ သတ်ပစ်တယ်လို့တော့ ယူဆရတယ်ဗျ။ အပျက်အစီးတွေနဲ့ မီးလောင်ထားတာတွေ အကုန်မရှင်းလင်းနိုင်သေးလို့ ရုပ်အလောင်းတွေ ထပ်မတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းရတယ်။ သူတို့ ရွာခံတချို့ ပြောတာတော့ တွေ့ထားတဲ့ ရုပ်အလောင်းတွေထဲမှာ ဆွံ့အပြီး စကားမပြောတတ်တဲ့သူတယောက် ပါတယ်။ တချို့အလောင်းတွေဆို မီးရှို့ခံထားရတယ်။ အရှင်လတ်လတ် မီးရှို့အသတ်ခံရတာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသူတွေဟာ သပြေသာကျေးရွာက ဆွံ့အစကားမပြောတတ်သူ အသက် ၅၀ အရွယ် ဦးလှိုင်းဇာဇာ၊ အသက် ၄၅ နှစ်အရွယ် ဦးအောင်နိုင်နဲ့ ဦးတရုတ်ကြီး၊ အသက် ၃၄ နှစ်အရွယ် ကိုမျိုးထက်၊ ကျောင်းကုန်းကျေးရွာက အသက် ၃၇ နှစ်အရွယ် ကိုသိန်းတိုး၊ အသက် ၄၅ နှစ်အရွယ် ဦးမြင့်မောင်နဲ့ ဦးမျိုးဆန်း၊ ဖိုလ်ကုန်းကျေးရွာက အသက် ၅၃ နှစ်အရွယ် ဦးဝင်းနဲ့ အသက် ၆၀ အရွယ် ဦးချစ်ဝင်းတို့ ဖြစ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေဟာ အဆိုပါကျေးရွာတွေကို ဇွန် ၂၃ ရက်ကနေ ဇွန် ၂၅ ရက်အထိ ၃ ရက်ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးခဲ့တာ ဖြစ်တဲ့အပြင် သူတို့ တပ်စွဲ အထိုင်ချနေတဲ့ ဝက်တိုး(တောင်)ကျေးရွာကနေလည်း သပြေသာကျေးရွာကို ဒရုန်းနဲ့ ဗုံးသီး ကြဲချခဲ့လို့ အသက် ၄၀ ကျော်အရွယ် ဦးမောင်ဆန်း နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံ ကို​ကျော်ကြီးက “အခုတော့ အဲဒီ (--)စစ်ကြောင်းကတော့ ပြန်ထွက်သွားပါပြီ။ မီးရှို့ခံရတဲ့ ရွာတွေဘက်မှာတော့ တိုက်ပွဲမရှိဘူး။ မရှိတာကလည်း ပြည်သူတွေ စပါးစိုက်ချိန်ဆိုတော့ ကျနော်တို့ဘက်က ရှောင်ပေးလိုက်မှ သူတို့က တည့်တည့်ကို ဒုက္ခပေးသွားတာ။ ဇီးကုန်းသကြားစက်ကနေ ဂွေးကုန်းရွာထဲဝင်ပြီး ဖျက်ဆီးနေတယ်လို့ သိရတယ်။ နောက်ဆက်တွဲသတင်းတော့ ထပ်မရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တဲ့ ဇီးကုန်းတိုက်နယ်ထဲက သပြေသာ၊ ကျောင်းကုန်း၊ ဖိုလ်ကုန်းနဲ့ ဂွေးကုန်းကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရပြီး ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာလည်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြတာကြောင့် အိုးမဲ့အိမ်မဲ့ဘဝကို ရောက်သွားကြပြီလို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013