
ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမှာ ဇွန် ၂၅ ရက်က ရဲတွေ ထူထူထပ်ထပ် တာဝန်ချထားတဲ့ကြားက ပေါ်လာတဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။
နေ့ခင်းဘက်မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် နိုင်ရိုဘီမြို့လယ်ကနေ မီးခိုးမည်းတွေ တက်လာတာကို ရိုက်တာသတင်းဌာနက ဗီဒီယိုထုတ်လွှင့် ပြသခဲ့ပါတယ်။
သီးခြားဖြစ်ရပ်အနေနဲ့ ကင်ညာနိုင်ငံရဲ့ NTV ရုပ်သံလိုင်းကနေ နိုင်ငံတဝန်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်မှု ရပ်ဆိုင်းဖို့ ကင်ညာဆက်သွယ်ရေးအာဏာပိုင်က ထုတ်တဲ့ အမိန့်ကို ဇွန် ၂၅ ရက်မှာ ဖီဆန်လိုက်လို့ ရုပ်သံလိုင်းထုတ်လွှင့်မှု ခဏရပ်သွားတယ်လို့ မိခင်ကုမ္ပဏီ Nation Media Group က အကြီးတန်းအရာရှိက ပြောပါတယ်။
မနှစ်က လူဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရတဲ့ ဆန္ဒပြပွဲ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကင်ညာနိုင်ငံသား ထောင်ပေါင်းများစွာ လမ်းမပေါ် ထွက်လာခဲ့တာပါ။
နောက်ပိုင်းမှာ သမ္မတ ဝီလျံရူတိုက ဆူပူအုံကြွမှုကို အစပျိုးစေတဲ့ အခွန်စည်းကြပ်မှုတွေကို ပြန်ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ရပ်တန့်မသွားခဲ့ပါဘူး။
ရဲအချုပ်ခန်းထဲမှာ ဘလော့ဂါတယောက် သေဆုံးပြီးတဲ့နောက် အခုလအတွင်း တင်းမာမှုတွေ ပြန်မြင့်တက်လာတာဖြစ်ပြီး ဆန္ဒပြပွဲတွေနဲ့အတူ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
Source: Reuters