DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးတွင် သယ်ယူစရိတ် အဆမတန် မြင့်တက်
DVB
·
June 27, 2025
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးတွင် သယ်ယူစရိတ် အဆမတန် မြင့်တက်
Donate to DVB

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးမှာ သယ်ယူရေးစရိတ်တွေ အဆမတန် မြင့်တက်နေတဲ့အတွက် ရခိုင်ကုန်သည်တွေ အခက်ကြုံနေရတယ်လို့ အိန္ဒိယရောက် ရခိုင်ကုန်သည်တွေက ပြောပါတယ်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းမှာ စက်လှေသမားတွေဟာ အာရက္ခတပ်တော် (AA) ဘက်က သတ်မှတ်ထားတဲ့ စက်လှေငှားရမ်းခ ဈေးနှုန်းတွေထက် ၂ ဆနီးပါး တိုးတောင်းနေကြသလို အိန္ဒိယဘက်က အလုပ်သမားတွေဟာလည်း အလုပ်သမားခကို ၂ ဆနီးပါး တိုးမြှင့် တောင်းဆိုကြတာကြောင့် ရခိုင်ကုန်သည်တွေမှာ အဆင်မပြေမှုတွေ ဖြစ်နေတယ်လို့ အိန္ဒိယရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

“အခု မိုးရာသီမှာ ရခိုင်ကုန်သည်တွေအတွက် စရိတ်စကတွေ အတော်‌လေးများတယ်။ စက်လှေငှားရမ်းခတွေကိုလည်း AA ဘက်က သတ်မှတ်ထားတာ ကျပ် ၁၁ သိန်းပဲရှိတယ်။ အဲဒါကို အခု စက်လှေသမားတွေက ကျပ် သိန်း ၂၀ အထိ တောင်းရမ်းမှုတွေရှိတယ်။ ကုန်သည်တွေမှာ ကုန်တွေနဲ့ ဆင်းလာပြီးမှ မငှားလို့လည်း မရတော့ဘူး။ သယ်ယူစရိတ်ကြီးတော့ ရခိုင်ကို ကုန်စည်တွေ ရောက်ရင် ဈေးနှုန်းတွေက ပုံမှန်ထက် ၃ ဆလောက် မြင့်တက်သွားတဲ့ သဘောရှိတယ်။ အဓိကတော့ AA ဘက်က သယ်ယူရေးဈေးနှုန်းတွေကို ပုံမှန်ကြပ်မတ်ပြီး ပေးထားသင့်တယ်။”

ဒါ့အပြင် အိန္ဒိယနိုင်ငံဘက်အခြမ်းမှာ ကုန်တင်ကုန်ချပြုလုပ်ကြတဲ့ အလုပ်သမားတွေရဲ့ ဈေးနှုန်းတွေဟာလည်း အရင်ကထက် ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်နေပြီး ရခိုင်ကုန်သည်တွေမှာ ခရီးစရိတ်တွေက အရင်ကထက် ၂ ဆကျော် မြင့်တက်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ စက်သုံးဆီနဲ့ ဆေးဝါးတွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်က အဓိကတင်သွင်းနေကြရတာဖြစ်ပြီး မိုးတွင်းရာသီ လမ်းပြိုတာတွေ၊ ရေစီးသန်မှုတွေကြောင့် စက်လှေတွေ တိမ်းမှောက်ပြီး ဆုံးရှုံးမှုတွေလည်း အများကြီးရှိတယ်လို့ နောက်ထပ် ကုန်သည်တယောက်က ပြောပါတယ်။

“မိုးတွင်းရာသီမှာ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းက အတော်ကြမ်းတယ်လို့ ပြောရမယ်။ တောင်ပေါ်လမ်းတွေဆိုတော့ မြေပြိုတာတွေ၊ နောက် ရေလမ်းကလည်း တောင်ကျရေစီးတွေ သန်တာကြောင့် စက်လှေတိမ်းမှောက်ပြီး ဆုံးရှုံးမှုတွေ ရှိကြတယ်။ အသက်သေဆုံးမှုတွေအထိ ရှိကြတယ်။ အခုက သယ်ယူစရိတ်တွေက အဆမတန်မြင့်နေတော့ ရခိုင်ဘက်မှာလည်း ကုန်ဈေးနှုန်းမြင့်တက်တဲ့ဒဏ်ကို အတော်လေးကို ခံကြရတယ်။ အဓိကတော့ အာဏာပိုင်တွေဘက်က စနစ်တကျ ကြပ်မတ်မှု ရှိစေချင်တာပေါ့။”

လက်ရှိ မိုးတွင်းရာသီ လမ်းခရီး ကြမ်းတမ်းမှုတွေကြောင့် ကုန်ပစ္စည်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ရခိုင်ပြည်အတွင်းမှာ ကုန်စည်တွေဟာ နွေရာသီတုန်းကထက် ၂ ဆနီးပါး မြင့်တက်နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ဘက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်ရဲ့ ဆောင်ရွက်ပေးမှုနဲ့အတူ မီဇိုရမ်-ရခိုင် ကုန်သွယ်ရေးကို ၂၀၂၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013