
မြောက်ကိုရီးယားနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ နှစ်ပေါင်းများစွာ တွန်းအားပေး လုပ်ဆောင်လာတဲ့ ပရောဂျက်ဖြစ်တဲ့ ဝန်ဆန်းခဲလ်မာ ဧရာမခရီးသွားဇုန်တခုကို နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဇွန် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ကင်မ်ဂျုံအန်းဟာ ဧည့်သည် ၂၀,၀၀၀ လောက် တည်းခိုနိုင်တဲ့ ဝန်ဆန်းခဲလ်မာ ကမ်းရိုးတန်း ခရီးသွားဒေသအတွက် ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက်က ကျေကျေနပ်နပ်နဲ့ တက်ရောက်ခဲ့တယ်လို့ KRT နိုင်ငံပိုင်မီဒီယာက ဖတ်ကြားသွားပြီး နိုင်ငံမှာ ခရီးသွားဇုန် အကြီးစားတွေကို မြန်မြန်ဆန်ဆန် တည်ဆောက်သွားမယ်လို့လည်း ပြောကြားခဲ့ကြောင်း ဆိုပါတယ်။
ကင်မ်ဂျုံအန်းဟာ ဒေသခံတွေအတွက် အပန်းဖြေနေရာဖြစ်တဲ့ ပင်လယ်ကမ်းစပ်ရှိ ဝန်ဆန်းမြို့ကို ဒေါ်လာ ဘီလီယံအထိ ကျသင့်နိုင်တဲ့ ခရီးသွားအထူးဇုန်အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ပြီး ပြန်လည်တည်ဆောက်နေတာ ဖြစ်ပါတယ်။
ဝန်ဆန်းမြို့အတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေဟာ ၂၀၁၄ ခုနှစ်မှာ ပထမဦးဆုံး ကြေညာခဲ့ပြီးကတည်းက မြန်မြန်ဆန်ဆန် တိုးပွားလာခဲ့ပါတယ်။
ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်းဟာ မြောက်ကိုရီးယားအတွက် ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှုမှ ပစ်မှတ်မထားတဲ့ ဝင်ငွေအရင်းအမြစ် အနည်းအကျဉ်းထဲက တခုဖြစ်ပြီး သီးသန့်နိုင်ငံအနေနဲ့ သူ့ရဲ့ လက်နက်အစီအစဉ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရှိထားတဲ့ နောက်ခံအကြောင်းရင်းတွေ ရှိတာကြောင့် ဝန်ဆန်း ခရီးသွားဇုန် ပရောဂျက်အတွက် အဓိက နိုင်ငံခြားလုပ်ဖော်ကိုင်ဖက် တယောက်မှ မရှိပါဘူး။
ခရီးသွားဇုန်ကို ဇူလိုင် ၁ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖတ်ကြားသွားပေမဲ့ နိုင်ငံခြားခရီးသွားတွေကို ရုပ်မြင်သံကြားမှာ ပြသသွားခြင်း မရှိပါဘူး။
မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ စတင်ချိန် ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့နိုင်ငံနယ်စပ်တွေကို ပိတ်ချပစ်ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း ကန့်သတ်ချက်တွေကို ဖြည်းဖြည်းချင်း ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။
Source: Reuters