
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာထဲကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ဇွန် ၂၆ ရက်က ထုတ်ပြန်ပါတယ်။
ဇွန် ၂၅ ရက် ည ၈ နာရီအချိန်မှာ တောင်ရှေ့ကျေးရွာအုပ်စု နောင်ဗိုရွာကို ၆၀ မမ လက်နက်ကြီးနဲ့ ၉ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ခဲ့တာလို့ သိရပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၉ နှစ်အရွယ် မွိုးဒုံးက နေအိမ်မှာ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရခဲ့ပြီး အိမ်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
PNLO ပြန်ကြားရေး တာဝန်ရှိသူက “မြေပြင်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဘာတိုက်ပွဲမှလည်း မရှိဘဲ တဖက်သတ် လက်နက်ကြီးနဲ့ ပြည်သူကို တိုက်ခိုက်တာကျတော့ တော်တော်ကို ပြောစရာစကားမရှိအောင် အောက်တန်းကျတယ်လို့ပဲ ပြောရမှာပေါ့နော်။ ပြည်သူဆိုတာ ရန်သူမဟုတ်ဘူးလေနော်။ ပြည်သူကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ တော်တော် လူမဆန်တဲ့ လုပ်ရက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူကို PNLO/PNLA အဖွဲ့ရဲ့ ကယ်ဆယ်ရေးတွေက သွားရောက်ကယ်ထုတ်ပြီးနောက် ဆေးဝါးကုသပေးနေတယ်လို့ ပြောပါတယ်။
တောင်ရှေ့ကျေးရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေမရှိပေမဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ပြည်သူရှိရာနေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာ ၂ ခုက ပြည်သူ ၄၀၀၀ ကျော်ကို ဇွန် ၁၅ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရမယ်လို့ မောင်းထုတ်ပြီး နေအိမ်မီးရှို့တာတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။