Home
မြန်မာသတင်း
ကျောက်တံခါးတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး
DVB
·
June 26, 2025
စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ ဇွန် ၂၅ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဘုရားကြီးကုန်းရွာထိပ်မှာ အင်အား‌ ၄၀ လောက်နဲ့ ပြီးခဲ့တဲ့ ၁၀ ရက်ခန့်က လာရောက်တပ်စွဲခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပဲခူးခရိုင်၊ အမှတ်၂-တပ်ရင်း ၃၇၀၂ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ စတိုက်တာနဲ့ ပြေးတဲ့သူလည်းပြေးကြတယ်။ ခံပစ်တဲ့သူလည်း ခံပစ်ပေါ့။ သေသွားတဲ့သူကျတော့လည်း မပြေးတတ်ဘဲ ပိတ်မိသွားတဲ့သဘောပါ။ သူတို့က အလောင်းလည်း မဆွဲနိုင်တော့ ချန်ထားခဲ့ရတာပေါ့။”

တိုက်ပွဲအပြီး စစ်ကောင်စီဘက်က လူအင်အားဖြည့်ပြီး ထပ်မံစစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်တယ်လို့ တာဝန်ရှိသူက ထပ်ပြောပါတယ်။

“တော်လှန်ရေးအချိန်ကြာလာတော့ ဒေသခံတွေလည်း ပင်ပန်းကြတာသိပေမဲ့ မလုပ်မဖြစ်တဲ့ ပွဲမို့ လုပ်ရတာပါ။ ဒေသခံပြည်သူတွေ ထောက်ပံ့မှုများများပေးပြီး ကူညီမှပဲ ကျနော်တို့လည်း အထိအခိုက်အကျအဆုံးနည်းမှာပါ။”

တိုက်ပွဲအပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးတဲ့အပြင် ၆၀ ကွန်မန်ဒိုပြောင်း ၁ လက်၊ ၆၀ ဗုံးသီး ၁၅ လုံး၊ G4 ၁ လက် ကျည်ပေါက် ၅ ခုနဲ့ ကျည်အတောင့် ၅၅၀၊ လက်ပစ်ဗုံး ၁ လုံးနဲ့ အခြားလက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိတယ်လို့ပြောပါတယ်။

တိုက်ပွဲကို ပဲခူးခရိုင်၊ အမှတ်၂-တပ်ရင်း ၃၇၀၂ နဲ့ KNLA တပ်ရင်း ၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024