Home
မြန်မာသတင်း
ကန့်ဘလူနှင့် ဂန့်ဂေါတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်ပြီး နေအိမ် မီးရှို့
DVB
·
June 26, 2025
Photo: File Photo
Photo: File Photo
Photo: File Photo
Photo: File Photo

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်က  လက်နက်ကြီးပစ်ခတ်၊ မီးရှို့တာတွေလုပ်ခဲ့လို့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတာနဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းက ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ ဝင်ရောက်ဖျက်ဆီးလို့ ပြည်သူတယောက် သေဆုံးသလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ တာဝန်ရှိသူတယောက်က “ကန့်ဘလူ ၆၀၀၆ တပ်က စစ်သားတွေနဲ့ ပျူ‌စောထီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းက ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းက သပြေသာရွာနဲ့ ကျောင်းကုန်းရွာတွေကို ၂ ရက်ဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်​။ ၂ ရွာပေါင်း အိမ်ခြေ ၃၀ ဝန်းကျင်လောက် ပျက်စီးတယ်လို့ ကနဦး သိရတယ်။ အဲဒီထက် ပိုနိုင်ပါတယ်” လို့ ပြောပါတယ်။

သပြေသာရွာက အသက် ၄၀ ကျော်အရွယ် ဦးမောင်ဆန်း ကတော့ ဒရုန်းနဲ့ချတဲ့ဗုံးသီးထိပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လက်အောက်ခံတွေဟာ အဆိုပါကျေးရွာတွေထဲက ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေကိုလည်း ခိုးယူသယ်ဆောင်သွားကြသလို သပြေသာကျေးရွာက အမျိုးသား ၃ ယောက်နဲ့ ဖိုလ်ကုန်းကျေးရွာက အမျိုးသမီး ၂ ယောက်တို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြကာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းရန်ကြောင့် အဆိုပါကျေးရွာတွေက ​ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဇွန် ၂၅ ရက် မနက်ပိုင်းအထိ စစ်ကောင်စီစစ်ကြောင်းဟာ အဆိုပါကျေးရွာတွေ အနီးဝန်းကျင်မှာ ရှိနေသေးတဲ့အတွက် ​ကျေးရွာတွေအတွင်း ပြန်လည်မဝင်ရဲကြသေးတဲ့အပြင် မိုးဦးကာလ ဖြစ်တဲ့အတွက်ကြောင့်လည်း နေစရာအဆောက်အအုံတွေ အရေးပေါ် လိုအပ်နေကြတယ်လို့လည်း ဆိုပါတယ်။

ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံ ကို​ကျော်ကြီးက “(--)တွေ ရိက္ခာလိုလို့ ပြည်သူပိုင်ပစ္စည်းတွေကို ထွက်ခိုးပြီး ပေါ်တာထွက်ဆွဲတဲ့ စစ်ကြောင်း ဖြစ်မယ်။ ပျူခေါင်းဆောင် ဝါသဝရဲ့အဖွဲ့က လူလိုနေလို့ အဆွဲကြမ်းနေတာ။ ကန့်ဘလူမြို့ပေါ်မှာ အရပ်သား ယောကျာ်းလေးလူငယ်တွေ မရှိသလောက်ဖြစ်ကုန်ပြီ။ သူတို့ဆက်စပ်သူတွေနဲ့ Non CDM တွေလောက်ပဲ ကျန်တော့တာ။ အဲဒီစစ်ကြောင်းက ၂၁ ရက်နေ့ကတည်းက ကန့်ဘလူကနေ ထွက်လာကြတာ။ လမ်းမှာတော့ ပစ်တာ ခတ်တာ မိုင်းဆွဲတာတွေနဲ့ ဖြတ်တိုက်ခဲ့တဲ့ အဖွဲ့တွေတော့ ရှိခဲ့တာပေါ့။ ဒါပေမဲ့ အခုမီးရှို့ခံရတဲ့ရွာတွေဘက်မှာတော့ တိုက်ပွဲမရှိဘူး။ မရှိတာကလည်း ပြည်သူတွေ စပါးစိုက်ချိန်ဆိုတော့ ကျနော်တို့ဘက်က ရှောင်ပေးလိုက်မှ သူတို့က တည့်တည့်ကို ဒုက္ခပေးသွားတာ” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်ဟာ ပျူစောထီးအားကောင်းတဲ့ မြို့နယ်တခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးတာ၊ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်နေလို့ ပြည်သူသေဆုံးဒဏ်ရာရကာ မီးလောင်ပျက်စီးတဲ့ လူနေအိမ် အရေအတွက်လည်း မြင့်တက်နေတယ်လို့ စစ်ဘေးရှောင်အ​ရေး ကူညီဆောင်ရွက်ပေးနေကြသူတွေဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ဇွန် ၂၄ ရက်မှာ ပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ ပြောရေးဆိုခွ့င်ရှိသူ နွေဦးရောင်နီက “ဂန့်ဂေါအခြေစိုက်တဲ့ ခလရ ၅၀ တပ်ထဲကနေ ၂၄ ရက်နေ့ တရက်တည်းတင် ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်က ရွာတွေနဲ့ မြို့တောင်ဘက် မြစ်တဖက်ကမ်းက ရွာတွေကို နေ့လယ်က တကြိမ်၊ ညဦးပိုင်းမှာ  တကြိမ် ၂ ကြိမ်ပစ်တယ်။ အရင်ရက်တွေကလည်း တောက်လျှောက်ပစ်နေခဲ့တာ” လို့ ပြောပါတယ်။

ဇွန် ၂၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည်တွေဟာ အနောက်ဂန့်ဂေါရွာကို ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် ပအဖ တာဝန်ခံ ကိုဖိုးလှက “အနောက်ဂန့်ဂေါရွာက အသက် ၄၀ ကျော်လောက် အမျိုးသမီးတယောက် ဒဏ်ရာရတယ်။ သူ့အိမ်နဲ့ အနီးနားလေး​ကအိမ်တွေ ပျက်စီးကုန်တယ်။ ည ၉ နာရီကျော်လောက်က ပစ်လိုက်တဲ့ လက်နက်ကြီးကတော့ ဘယ်ရွာဘက်ကျသလဲ မသိသေးလို့ စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့အခြေစိုက်တဲ့ ခလရ ၅၀ တပ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂန့်ဂေါမြို့ အနီးတဝိုက်က ကျေးရွာတွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ မကြာခဏ ​ပစ်ခတ်နေတဲ့အပြင် မြေပြင်စစ်ကြောင်းကလည်း ရုတ်တရက် ဝင်ရောက်လာနိုင်လို့ ပြည်သူတွေအနေနဲ့ သတိနဲ့ နေထိုင်ကြဖို့ အကြံပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်း ဂန့်ဂေါမြို့နယ်ထဲကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူတွေကို ဖမ်းဆီးနေတယ်လို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024