
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းပြီး ဝင်ရောက်တပ်စွဲနေတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေဖြစ်ပွားနေပြီ စစ်ကောင်စီတပ်က မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေပါတယ်။
ကျုံဒို-ကော့ကရိတ်လမ်းပိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် ကျုံဒိုးမြို့အနီးတဝိုက်ကို စစ်ကောင်စီတပ်က မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
ဒေသခံတယောက်က “ဒီဂျိုင်းမြစ်တလျှောက် သူတို့ (စစ်ကောင်စီ) တပ်စွဲထားတယ်။ စိုးရိမ်လို့ အနီးအနားမှာ ဘယ်သူမှ မနေရဲကြဘူး။ အရင်တုန်းကဆိုရင် ပစ္စည်းတွေ ဘာတွေ ပျောက်တယ်။ သူတို့အနီးအနားမှာ နေတဲ့သူ မရှိတော့ဘူး။ ကြောက်နေတာ။ နောက် သူတို့ကင်းလှည့်တာ စိုးရိမ်နေရတယ်။ လူကိုတွေ့ရင် သေနတ်ပြောင်းကို ချိန်းတာတို့ လုပ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေက အထင်လွဲမှားကိုလည်း စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူ တွေ အခက်အခဲဖြစ်မှာ သေချာတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “ကျေးရွာတွေမှာ အင်အားတွေဖြည့်ပြီးတော့မှ စစ်ကောင်စီက တပ်စွဲမှတော့ ရွာသားတွေက ကြောက်ရွံ့တယ်။ စိုးရိမ်တယ်။ အဆင်မပြေမှုတွေ ကြုံတွေ့ရတယ်။ နဂိုတည်းကမှ သူတို့ (စစ်ကောင်စီ) မဲမဲမြင်ရင် အကုန်လုံးလုပ်နေတာ။ အဲတော့ ရွာသားတွေက ရွာကရှောင်မယ်ဆိုရင် မရှောင်ရဘူး။ သူတို့ကဆွဲထားတယ်။ အပြင်ပေးမထွက်ဘူး။ ပြောချင်တာက ရွာသားတွေကို ကာဗာလုပ်တယ်။ ခုတုံးလုပ်တယ်ဆိုတဲ့ သူတို့ရဲ့ စနစ်တခုလည်း ဖြစ်မယ်။ ရွာတွေမှာ တပ်စွဲတယ်ဆိုရင် သေချာတယ် ပြည်သူတွေကတော့ လုံး၀အခက်အခဲဖြစ်မှာ သေချာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့အပါအဝင် ဘားအံ- ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေ စိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ ခံစစ်အနေအထားနဲ့ လူ၊ လက်နက် အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အောင်ခန့်