Home
နိုင်ငံတကာ
ပူတင် အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်သူများ တရားရင်ဆိုင်ရမည်ဟု ဇလန်းစကီး ပြော
DVB
·
June 26, 2025
Photo: REUTERS/Toby Melville
Zelenskiy

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ဇွန် ၂၅ ရက်က ဥရောပကောင်စီကို မိန့်ခွန်းပြောကြားခဲ့ပြီး “ပူတင်” အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ရုရှားတွေအားလုံး တရားမျှတမှု ရင်ဆိုင်ရမယ် ဆိုတာကို သေချာစေဖို့အတွက် နိုင်ငံရေးနဲ့ ဥပဒေရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမယ်လို့ တောင်းဆိုလိုက်ပါတယ်။

“မကောင်းမှု ကျူးလွန်ထားမှုကို တာဝန်ခံစေဖို့အတွက် အင်အားသုံးရုံသာမက တရားရုံးတွေကနေ ဥပဒေအရ၊ အပြစ်ကျူးလွန်ထားတဲ့ သက်သေပြချက်တွေပေါ် အခြေခံပြီး တာဝန်ယူစေရပါမယ်” လို့ ဇလန်းစကီးက ပြောကြားပါတယ်။

ဇလန်းစကီးဟာ ယူကရိန်းအပေါ် ရန်စမှုကျူးလွန်မှုနဲ့ ရုရှားကို တရားစွဲဆိုရေးအတွက် အထူးခုံရုံးတခု ထူထောင်ဖို့ ဥရောပကောင်စီနဲ့ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အရင်က ဇလန်းစကီးဟာ သည်ဟိတ်မြို့မှာ ကျင်းပတဲ့ NATO ထိပ်သီးအစည်းအဝေးရဲ့ ပြင်ပမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး အဲဒီနောက်မှာ ထရမ့်ပ်က ရုရှားရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ယူကရိန်း လိုအပ်တဲ့ ပက်ထရီယော့ထ် ဒုံးကျည်တွေကို အမေရိကန်က ပိုမိုပေးအပ်ဖို့ စဉ်းစားမယ်လို့ ကြေညာခဲ့ပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း ယူကရိန်းရဲ့ မြို့ကြီးတွေကို ဒုံးမိုး၊ ဒရုန်းမိုး ကြဲချနေတဲ့ ရုရှားပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချဖို့အတွက် အမေရိကန်လုပ် ပက်ထရီယော့ထ် ဒုံးကျည်တွေက အရေးကြီးပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း မြို့တော် ကိယက်ဗ်နဲ့ အရှေ့တောင်ပိုင်းဒေသ မြို့တော် နီးပရို တို့မှာ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024