DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး တွေ့ဆုံဆွေးနွေးရန် စစ်ခေါင်းဆောင်ပြော
DVB
·
June 26, 2025
တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး တွေ့ဆုံဆွေးနွေးရန် စစ်ခေါင်းဆောင်ပြော
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF  အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ 

နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်မှာ ဇွန် ၂၅ ရက် ၂၇ အထိကျင်းပနေတဲ့ PEACE FORUM 2025  ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က PDF တွေကို အကြမ်းဖက်လို့သုံးနှုန်းကာ တော်လှန်ရေးအဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်း‌ကြောင်းကိုအဓိကဆွဲကိုင်ပြီး လျှောက်လှမ်းလျက်ရှိနေပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလည်း ပြည်ပစွက်ဖက်မှုမရှိ ဖို့လိုအပ်သလို ပြည်တွင်းက အဖျက်အမှောက် ပရောဂတွေကင်းကင်းရှင်းရှင်းနဲ့ လုပ်ဆောင်နိုင်ဖို့လည်းလိုပါတယ်။ တိုင်းရင်းသားညီအစ်ကို အချင်းချင်း ပြည်ထောင်စုစိတ်ဓာတ် အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ စစ်မှန်ပြီးရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ အပြည့်အဝ ယုံကြည်ထားပါတယ်”လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးရဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုဆွဲကိုင်ထားကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့ NCA စာချုပ်မှာလက်မှတ်ထားထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊  ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကတော့ စစ်အာဏာ သိမ်းတာဟာ NCA အခြေခံမူနဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးတာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပျက်ပြယ်စေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ၂၀၀၈ ဖွဲ့စည်းပုံအောက်ကလုပ်ဆောင်ချက်တွေဟာ အလုပ်ဖြစ်လာမှာမဟုတ်ဘူးလို့ CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက DVB ကို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ NCA မှာပါဝင်ခဲ့ပြီးပြီ။ အလုပ်မဖြစ်ဘူး။ ကျနော်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေလုပ်တဲ့ NCA ကို လက်ခံတယ်ဆိုရင် ကျနော်တို့ CNF အနေနဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူဘက်ကနေ ပါဝင်လာစရာအကြောင်းမရှိဘူးပေါ့။ အဲဒါတွေ အလုပ်မဖြစ်တော့လို့ ကျနော်တို့က မြန်မာ့နိုင်ငံရေးမှာ စစ်တပ်အာဏာကင်းစင်ရေးနဲ့ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုပြီးတော့အခု ဆက်လက်ပြီးတော့ ပြည်သူနဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။”

တဖက်မှာလည်း စစ်ကောင်စီက တရားဝင်အစိုးရမဟုတ်တာကြောင့် NCA စာချုပ်ကို အကောင်အထည်ဖော်ဖို့ တာဝန်လည်းမရှိသလို၊ လုပ်ပိုင်ခွင့်လည်း မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ ကြေညာ ထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ပြောစကားတွေဟာ သူအာဏာ တည်မြဲရေးအတွက် ပြောနေတာဖြစ်ပြီး စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေက ငြိမ်းချမ်းရေးဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက်တွေသာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က  ပြောပါတယ်။

“ချုပ်ပြောရရင်တော့ဗျာ၊ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို လူကြားကောင်းအောင် လူကြိုက်အောင်လို့သာပြောနေတာ။ တကယ်တန်း အရင်းစစ်လိုက်မယ်ဆိုရင်တော့ သူတို့ အာဏာတည်မြဲရေး၊ သူတို့ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေး၊ ဒါမှသာလျင် သူတို့လိုချင်တဲ့အရာ ဖြစ်တယ်ပေါ့နော်။ နောက်ပြီး သူတို့အကျိုးစီးပွားကိုမထိခိုက်ဘဲနဲ့ ဒီတိုင်းပြည်မှာ အာဏာကိုဆက်ပြီးတော့ သိမ်းပိုက်ထားပြီးတော့ပေါ့နော် သားစဉ်မြေးဆက် အကျိုးစီးပွားရရှိနေရေး ဒီဟာသာလျှင်သူတို့ရဲ့လိုချင်တဲ့အရာ ဖြစ်တယ်လို့ ဒီလိုပဲပြောရမယ်ဗျ။” 

စစ်အာဏာသိမ်း သံသရာမလည်ဖို့နဲ့ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ဆိုရင် ဇန်နဝါရီ ၃၁ ရက်မှာ NUG က ပူးပေါင်းထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးဘုံရပ်တည်ချက် ၆ ချက်အပေါ်မူတည်ကြောင်း ဦးနေဘုန်းလတ်က ဖြေဆိုဖူးပါတယ်။

အဲဒီ ၆ ချက်ကို အတိုချုံးမယ်ဆိုရင်တော့ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး စစ်တပ်က နိုင်ငံရေးမှာ ပါဝင်တာကို အဆုံးသတ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တခုရေးဆွဲဖို့နဲ့ မတရားကျူးလွန်မှုခံနေရသူတွေ တရားမျှတမှုရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ဖို့တို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကဖွဲ့ပေးထားတဲ့ NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က  စစ်တပ်ကို နိုင်ငံရေးကထွက်ဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တဲ့တောင်းဆိုချက်ဖြစ်တယ်လို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

အခု နေပြည်တော်မှာပြုလုပ်နေတဲ့ငြိမ်းချမ်းရေးဖိုရမ်မှာ ပြည်ပ ၆ နိုင်ငံကပညာရှင်တချို့အပါအဝင် စစ်တပ်အရာရှိတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်း တချို့ တက်ရောက်နေကာ အုပ်စု ၂ ခုခွဲပြီး တံခါးပိတ်ဆွေးနွေးကြမယ်လို့ သိရပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013