
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီတပ်စခန်း ၉ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ Royal Peacock Column တော်ဝင်ဒေါင်းတပ်ရင်းတို့က ဇွန် ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Royal Peacock Column က ပြန်ကြားရေးတာဝန်ရှိသူက “တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ညောင်လေးပင်မြို့နယ်အခြေစိုက် ခမရ ၂၀ နဲ့ ပိန်းဇလုပ်မြို့အခြေစိုက် ခလရ ၂၆၄ တို့က လက်နက်ကြီး ပစ်ကူပေးတာရှိပါတယ်။ MA -3 ၁ လက်၊ G-3 ၃ လက်၊ MA-13 ၁ လက်၊ 40 မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်နဲ့ ရဲအရာရှိတွေကိုင်တဲ့ ခြောက်လုံးပြူး သေနတ် ၂ လက် သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ယောက် သေဆုံးပြီး ၃ ယောက်ကို အရှင်ဖမ်းမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းအစုံအလင်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားကြပြီး လက်နက်ကြီး ပစ်ကူတာတွေရှိခဲ့ပေမဲ့ တော်လှန်ရေးတပ်တွေဘက်က ထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
ကျန်တဲ့စခန်းတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အတိအကျ ထုတ်ပြန်ထားတာမရှိပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရသလို ရဲအုပ် ၁ ယောက် အပါအဝင် စစ်သုံ့ပန်း ၃ ယောက်ကို ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်အစုံ ၁၆ လက်နဲ့ ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က ၁ ယောက်ကျဆုံး၊ ၂ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ ၂၄ နဂါးနီစစ်ကြောင်း၊ အာဠာဝကတပ်ရင်း၊ အမှတ် ၃၅၀၃ တပ်ရင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ ၂၅၊ အမှတ် ၃၇၀၂ တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း ၉၊ ဗျူဟာ ၂၆၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း တို့ပူးပေါင်းခဲ့ကြတာလို့ ဆိုပြီး ဇွန် ၂၃ ရက်နေ့မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ကျော်စွာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျော်စွာစစ်ဆင်ရေးလို့ သတ်မှတ်တာလို့ တော်ဝင်ဒေါင်းတပ်ရင်းက ထုတ်ပြန်ထားပါတယ်။