
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေ ဇွန် ၂ ရက်မှ ၂၄ ရက်အထိ တိုက်ပွဲဆက်ဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကန်ဒေါင့်ရွာပြည်သူတွေနဲ့ အနီးဝန်းကျင်က အင်မထီးရွာ၊ ဇီးဖြူကုန်းရွာက ပြည်သူတွေဟာ နေရပ်စွန့်ခွာနေကြရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘဲ ဖြစ်နေကြတာပါ။
ဒေသခံ တယောက်က “လောလောဆယ် တိမ်းရှောင်နေကြရတာတော့ တောတောင်တွေထဲပေါ့။ မိုးတွင်းကာလဆိုတော့ နေရထိုင်ရတာ ပိုပြီး ဒုက္ခရောက်ကြတယ်။ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ လည်းပါတယ်။ မိုးမိပြီး ဖျားနာနေကြတဲ့သူတွေလည်း ရှိတယ်။ ဒုက္ခတော့ ရောက်တာပေါ့။ လက်နက်ကြီးရန်ကတမျိုး၊ လေယာဉ်နဲ့ ဗုံးကြဲခံရမှာက စိုးရိမ်ရတာတမျိုး၊ စားစရာနဲ့ ဆေးဝါးအပါအဝင် အမိုးအကာလိုအပ်တာကတမျိုးပေါ့။ ဒုက္ခတွေနဲ့ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ”လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်းက ကန့်ဒေါင့်၊ နှောရိုး၊ သရက်၊ မြေနီကုန်း၊ ဇီးဖြူကုန်း၊ ထန်းတောတိုက်၊ သရက်ကန်၊ ညောင်ရင်းကုန်း၊ ဇောင်ဂျမ်းကုန်း၊ မင်းတိုင်ပင်၊ ကျောက်ဖျာကန်၊ ဆင်ရှင်၊ အိုးဖို၊ အိုင်းမ၊ ကိုင်းတွင်း၊ အင်းကန်၊ အင်မထီး၊ လက်ပုကန်၊ အင်ကြင်းစု၊ ငှက်ပျောတော၊ ခေါ်သန္တီ စတဲ့ ကျေးရွာ ၂၁ ရွာမှ အရပ်သား ၃၀,၀၀၀ လောက် စစ်ဘေးရှောင်နေကြရပါတယ်။
ပုလဲပြည်သူ့ အုပ်ချုပ်ရေးအဖွဲဝင်တယောက်က “ကျနော်တို့ ပုလဲမြို့ရဲ့ အဓိက စစ်ကောင်စီစခန်းတခုဖြစ်တဲ့ ကန့်ဒေါင့်နယ်မြေရဲစခန်းကို ဇွန် ၂ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၁၀ ရက်နေ့မှာတော့ ဇီးဖြူကုန်းရွာစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ အင်မထီးရွာဘက်ကနေလည်း စစ်တပ်ကထိုးစစ်ဆင် စစ်ကြောင်းက ထွက်ထွက်လာလို့ အဲဘက်မှလည်း ကျနော်တို့အဖွဲ့တွေအနေနဲ့ တိုက်ပွဲဖြစ်နေတာ တော့ရှိတယ်။ ပိုဆိုးတာက စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာက နေ့တိုင်းနီးပါးဆိုတော့ ပြည်သူတွေ စစ်ရှောင်ကြရတာပေါ့။ ကျနော်တို့ ဘက်ကလည်း စစ်ရှောင်တွေကို တက်နိုင်သလောက် ကူညီပေးနေပါတယ်ဗျ။ ဒါပေမဲ့ စစ်ရှောင်လူဦးရေကများတော့ လုံလောက်အောင်တော့ မကူညီနိုင်ဘူးပေါ့” လို့ ပြောပါတယ်။
စစ်ရှောင်ဦးရေများတာကြောင့် ပုလဲမြို့နယ်မှာ ပြည်သူအချင်းချင်း အပြန်အလှန် ကူညီနေပြီး ဒီထက်မက တိုက်ပွဲကြာရှည်ခဲ့ရင် စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာ အပါအဝင် ဆေးဝါး ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။