
ပင်လယ်နက်ထဲက ကုန်တင်သင်္ဘောတွေကို ထပ်မတိုက်ခိုက်ဖို့ တူရကီကာကွယ်ရေးဝန်ကြီး ယာဆာ ဂူလာက ရုရှားနဲ့ ယူကရိန်းတို့ကို အောက်တိုဘာ ၂၈ ရက်မှာ သတိပေးလိုက်ပါတယ်။
တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပိုင်ခွင့်ကို တူရကီနိုင်ငံက ထိန်းသိမ်းထားတယ်လို့လည်း သူက ပြောခဲ့ ပါတယ်။ ဒီလုပ်ရပ်က အခုအချိန်အထိ တူရကီနိုင်ငံရဲ့ အပြင်းထန်ဆုံးနဲ့ တိုက်ရိုက်အကျဆုံး ဝင်ရောက်ပြောဆိုမှု တရပ် ဖြစ်လာပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှာက ယူကရိန်းနိုင်ငံကို အလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် ကစပြီး ရုရှားနဲ့ ယူကရိန်း အစိုးရ နှစ်ဖက်စလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO)ရဲ့ အဖွဲ့ဝင် တူရကီနိုင်ငံဟာ ပင်လယ်နက်အတွင်း တိုက်ခိုက်နေတာတွေကို ရပ်ဖို့ နှစ်ဖက်စလုံးကို ထပ်ခါတလဲလဲ တိုက်တွန်းထားပါတယ်။
တိုက်ခိုက်မှုတွေကြောင့် တူရကီအလံတင် သင်္ဘောတွေနဲ့ တူရကီပိုင် ကုန်တင်သင်္ဘောတွေလည်း ထိခိုက်ခဲ့ပါတယ်။
ပိုပြင်းထန်လာနေတဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဒေသထွက် ကောက်ပဲသီးနှံတွေကို ဘေးကင်းလုံခြုံမှုရှိရှိ တင်ပို့နိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းဆီ အဆိုပြုချက်တခု ပေးပို့ထားတယ်၊ အဆိုပြုချက်အပေါ် တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ တူရကီအစိုးရက ပြောပါတယ်။
ပင်လယ်နက်နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ တူရကီ၊ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားတို့က ကာကွယ်ရေးဝန်ကြီးတွေနဲ့ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေပါတဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတခုအပြီး ဆိုဖီယာမြို့မှာ ဂူလာက ပြောခဲ့တာပါ။
ပဋိပက္ခဖြစ်နေချိန်မှာ ပင်လယ်နက်ထဲမှာ သွားလာလှုပ်ရှားနေတဲ့ ကုန်တင်သင်္ဘောတွေဟာ ဒရုန်းတွေ၊ ရေထဲမှာ ပျံ့နှံ့နေတဲ့ မိုင်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရတာတွေ ကြောင့် ထိခိုက်ခဲ့တယ်လို့လဲ ဂူလာက ပြောပါတယ်။
"ပင်လယ်နက်အတွင်း ကုန်တင်သင်္ဘောတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့အပေါ် ကျနော်တို့ စိုးရိမ်ပူပန်ရင်း စောင့်ကြည့်နေပြီး၊ ပင်လယ်ပြင်သွားလာမှု ဘေးကင်း လုံခြုံရေး ဆိုင်ရာ မူဝါဒတွေနဲ့အညီ ဆင်ခြင်တုံတရားနဲ့ လုပ်ဆောင်ကြဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းပါတယ်။”
ဒါ့အပြင် ဗုဒ္ဓဟူးနေ့က ဘူလ်ဂေးရီးယားနိုင်ငံရဲ့ ရေပိုင်နက်ထဲမှာ ကုန်တင်သင်္ဘောတစင်း ဒရုန်း ၃ စင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဂူလာက ပြောပါတယ်။
Source: Reuters











