Home
မြန်မာသတင်း
ချင်းမိုင်တွင် စိတ်ကြွဆေး ၅ သန်း ဖမ်းဆီးရမိ 
DVB
·
June 25, 2025
Photo :chiangmainews

 

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့တိုင်မြို့နယ်ထဲမှာ မြန်မာနိုင်ငံသားတယောက်နဲ့  ထိုင်းနိုင်ငံသားတယောက်ထံမှ စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နယ်စပ်ကနေ မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်းသတင်းရတာကြောင့် မြောက်ပိုင်းဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့နဲ့  နယ်မြေခံရဲတွေဟာ သံသယရှိကားတွေ စေင့်ကြပ် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဇွန် ၂၄ ရက် မနက် ၁၀ နာရီကျော်လောက်မှာ ချင်းမိုင် - ပိုင်း မြို့နယ်ကြား အမှတ် ၁၀၉၅ အဝေးပြေးလမ်းမကြီးပေါ် မောင်းဝင်လာတဲ့ အနက်ရောင် တိုယိုတာဟိုင်းလပ်စ်ကားတစီးနဲ့  အရှေ့ကနေ လမ်းပြအဖြစ် မောင်းသွားတဲ့ အနက်ရောင် ဟွန်ဒါဝေ့ဖ် ဆိုင်ကယ်တစီးနောက်ကိုလည်း  နောက်ယောင်ခံလိုက်ခဲ့ကြောင်း၊ အဆိုပါကားဟာ မဲ့တိုင်မြို့နယ် ဆုပ်ပိန်းအုပ်စု ဘန့်ပန်မုန့်ရပ်ကွက်ရှိ ဆေးရုံရှေ့မှာ ခဏရပ်စဉ် တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ 

ဟိုင်းလပ်စ်ကားအနောက်မှာ စိတ်ကြွဆေးပြား စုစုပေါင်း ၅,၀၀၀,၀၀၀ (ငါးသန်း) ပါရှိတဲ့ ဆာလာအိတ် ၂၅ လုံး တွေ့ရှိခဲ့ပြီး အဆိုပါအိတ်တွေကို လုံးဝဖုံးအုပ်တာ၊ သိုဝှက်တာမရှိဘဲ ပေါ်တင်ကြီး သယ်လာလို့ တာဝန်ရှိသူတွေက အံ့ဩနေကြပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲတွေက ယာဉ်မောင်းဖြစ်သူ  အသက် ၃၀  နှစ်ရွယ် အမျိုးသား ၁ ဦး (ထိုင်းနိုင်ငံသားအဖြစ်ပြောင်းလဲခံယူသူ)  နဲ့ ဆိုင်ကယ်စီးလာသူ  အသက် ၃၈ နှစ်ရွယ် မြန်မာအမျိုးသား ၁ ဦး တို့ကို ဖမ်းဆီးလိုက်ပါတယ်။ 

သူတို့ဟာ အဲဒီမူးယစ်ဆေးတွေကို ဝိန်းဟိုင်မြို့နယ်  နယ်စပ်ကနေသယ်ဆောင်လာပြီး ထိုင်းနိုင်ငံအ တွင်းပိုင်းကို ပို့ဆောင်ဖို့ အငှါးသယ်ဆောင်ပေးခဲ့တာဖြစ်ကြောင်း ဝန်ခံသွားပါတယ်။ 

တာဝန်ရှိသူတွေက အဓိကစေခိုင်းသူနဲ့ ကွင်းဆက်တွေ ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ ဆိုပါ တယ်။ 

ဇွန် ၂၄ ရက်နေ့မှာပဲ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မဲ့ကျန်းမြို့နယ်ထဲမှာ စိတ်ကြွဆေး ၃ သန်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။  အဲဒီနေ့ မနက် ၉ နာရီက မဲ့ကျန်းမြို့နယ် ထာ့ခေါက်ပိုတ်ရပ်ကွက် လမ်းမကြီးဘေးမှာ လူတစုက အထုတ်တွေ ကားပေါ်တင်နေတယ်၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ သွားရာမှာ အနီးနားရှိ တောထဲ ထွက်ပြေးပျောက်ကွယ်သွားပြီး အမျိုးသား ၁ ဦးသာ ကျန်ခဲ့ပါတယ်။ အဆိုပါနေရာမှာ ဆာလာအိတ် ၁၃ လုံးရှိပြီး အထဲမှာ စိတ်ကြွဆေးပြားစုစုပေါင်း ၃,၀၀၀,၀၀၀ ဖမ်းဆီးရမိတယ်၊ ထွက်ပြေးသွားတဲ့သူတွေ ဖမ်းဆီးနိုင်ဖို့  လိုက်လံစုံစမ်းနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။  

Source -   Maesaipress / ChiangMai News / Thairath 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024