
၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီကကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲမှာ စံပြအနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မဲဆန္ဒနယ်အားလုံး အနိုင်ရရှိရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်ကြဖို့ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်း က ပြောပါတယ်။
ဇွန် ၂၄ ရက်က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးခန်းမမှာ ပြုလုပ်တဲ့ ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲအတွင်း ကြံ့ခိုင်ရေးပါတီ ဒုခေါင်းဆောင်က ပြောတာပါ။
ကြံ့ခိုင်ရေးပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲမှု အပြတ်အသတ်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ နေပြည်တော်အတွင်း မဲဆန္ဒနယ်တွေမှာလည်း NLD ပါတီကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
ပြည်သူကို ပေးထားတဲ့ ကတိကဝတ်တွေကိုလည်း ကျေပွန်အောင် လုပ်ဆောင်ဖို့လိုအပ်ကြောင်း၊ ပြည်ထောင်စုနယ်မြေအနေနဲ့ စံပြနယ်မြေအဖြစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းစည်းလုံးလုံး လုပ်ဆောင်ကြဖို့လိုကြောင် ကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌ ဦးလှထွန်းက ပြောပါတယ်။
NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့မရှိတဲ့ လာမယ့်ရွေးကောက်ပွဲမှာတော့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တာ်အတွင်းရှိ မဲဆန္ဒယ် အားလုံးကို အနိုင်ရရှိဖို့ ရည်မှန်းနေတာလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ပြည်သူရွေးချယ်တဲ့ ပါတီကိုယ်စားလှယ်တွေက တိုင်းပြည်ကို ကောင်းအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ၊မိမိတို့ တိုင်းပြည်ဩဟာ အမှားတွေနဲ့ သံသရာလည်နေကြောင်း၊ အမှားတွေကို သင်ခန်းစာယူပြီး ထပ်မမှားဖို့လိုကြောင်း၊ ဒီမိုကရေစီ ကျင့်စဥ်တွေကိုလည်း သိရှိလိုက်နာရန်လိုကြောင်းလည်း ကြံ့ခိုင်ရေးပါတီ ဒုခေါင်းဆောင်က ပြောပါတယ်။
အခုပြုလုပ်တဲ့ တွေ့ဆုံပွဲကိုတော့ ပါတီ တိုင်း ၊ခရိုင်၊ မြို့နယ်တွေက ပါတီ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။