
ကချင်ပြည်နယ်၊ ဧရာဝတီမြစ်တဘက်ကမ်း မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့အနီးရှိ ခါးရှီကျေးရွာတကြောကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့ကိုလည်း စစ်အင်အားပို့ဆောင်နေပြီးတော့ လက်နက်ကြီး နဲ့ နေ့စဉ်လိုလိုပစ်ခတ်နေတာ သီတင်းတပတ်ဝန်းကျင်ရှိလာပြီလို့ ဝိုင်းမော်ဒေသခံ တယောက်က ပြောပါတယ်။
“လက်နက်ကြီးကတော့ ပုံမှန် ပစ်ထည့်နေတယ်၊ ဝိုင်းမော်ကိုလည်း စစ်အင်အားအများကြီး လာပို့တာတွေ ရှိနေတယ်၊ လက်နက်ကြီးကတော့ မိုးလေကင်းစင်ရင် ပုံမှန်ပစ်ခတ်တာတွေ ပြုလုပ်နေတယ်။”
ဒါ့အပြင် ဝိုင်းမော်-ကန်ပိုင်တီလမ်းပေါ်က ဂွေရွတ်ကျေးရွာကိုလည်း ဇွန် ၂၂ ရက် ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝါးရှောင်ကျေးရွာက ဒေသခံတယောက်ဆီကနေ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာ မဟုတ်ဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။
ဝိုင်းမော်ဒေသခံက “လက်နက်ကြီးပစ်တဲ့ အသံတွေတော့ နေ့တိုင်း ကြားနေရတယ်၊ ဟိုနေ့ည ၁၀ နာရီလောက် လမ်းလျှောက်နေတဲ့အချိန်မှာ လေယာဉ်သံကြားတာ ခဏလေးဆို လာပစ်သွားတဲ့ အသံကြားရပြီ ဝါးရှောင်ဆည် ဟိုဘက်မှာပေါ့၊ ထိခိုက်ဒဏ်ရာရတဲ့သူတော့ ရှိတယ်” လို့ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုဟာ ဂွေရွတ်ကျေးရွာထဲက နေအိမ်တွေကြားမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူတွေ ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရရှိခဲ့တာတော့ မရှိဘူးလို့ သိရပါတယ်။
KIA ထိန်းချုပ်ထားတဲ့ ဝိုင်းမော်-ဆဒုံလမ်းနဲ့ ဝိုင်းမော်-မိုးမောက် လမ်းဘက်ကို စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်လေ့ရှိတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပေမဲ့ လက်ရှိအချိန် ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားတာတော့ မရှိသေးပါဘူး။။