
ဂရိနိုင်ငံရဲတပ်ဖွဲ့ဟာ နိုင်ငံရဲ့ထောက်လှမ်းရေးဌာနမှ အချက်အလက်တွေကို အခြေခံပြီး နေတိုး စစ်စခန်း အခြေစိုက်ရာ ကရိ(တ်)ကျွန်းမှာ သူလျှိုလုပ်နေတယ်လို့ သံသယရှိသူ အဇဲရီ အမျိုးသား တယောက်ကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၂၃ ရက်မှာ ပြောပါတယ်။
ဂရိအာဏာပိုင်တွေဟာ မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဂရိ၊ အမေရိကန်နဲ့ နေတိုးစစ်ရေး မဟာမိတ်အဖွဲ့တွေအတွက် ဗျူဟာမြောက်နေရာဖြစ်တဲ့ ဆိုးဒါမြို့ရှိ အခြေစိုက်စခန်းကို အသက် ၂၆ နှစ်အရွယ် အဇဲရီအမျိုးသားက စောင့်ကြည့်နေခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပြီး ဒီအမှုဟာ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တဲ့ ပြစ်မှု သံသယတွေနဲ့ မကြာသေးခင်က ဆိုက်ပရပ်စ်မှာ ဗြိတိန်နိုင်ငံသား တယောက် ဖမ်းဆီးခံရမှုနဲ့ ဆက်စပ်မှု ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန် ၂၂ ရက်က ဖမ်းဆီးခံခဲ့ရသူ အမျိုးသားဟာ ကရိ(တ်)ကျွန်း အနောက်ပိုင်းရှိ ရေတပ်နဲ့ လေတပ် အခြေစိုက်စခန်းအနီးရှိ ဟိုတယ် တခုမှာ ဇွန် ၁၈ ရက် ကတည်းက တည်းခိုခဲ့တာပါ။
သူ့ရဲ့ဟိုတယ်ခန်းထဲကနေ တခြား ဒစ်ဂျစ်တယ်ပစ္စည်းကိရိယာတွေနဲ့အတူ အာဏာပိုင်တွေ သိမ်းဆည်းလိုက်တဲ့ လက်ပ်တော့ပ် ကွန်ပျူတာထဲမှာ ဓာတ်ပုံပေါင်း ၅၀၀၀ ကျော်နဲ့ ကုဒ်ဝှက်ရေးတဲ့ ဆော့ဖ်ဝဲတို့ကို တွေ့ရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီအမျိုးသားဟာ လက်ဗွေနှိပ်ဖို့ ငြင်းဆိုခဲ့ပြီးနောက်မှာ သူ့ကို သူလျှိုလုပ်မှု၊ မနာခံမှုတွေနဲ့ တနင်္လာနေ့မှာ တရားစွဲဆိုခံခဲ့ရကြောင်း သတင်းရင်းမြစ်တခုမှ ထပ်လောင်းပြောကြားခဲ့ပါတယ်။ သူ့ကို ဇွန် ၂၅ ရက်မှာ စွဲချက်တင်မယ်လို့ မျှော်လင့်ရပါတယ်။
Source:Reuters