
ထိုင်းဝန်ကြီးချုပ် ဖဲ့ထောင်းထန်း ရှင်နာဝပ်က သူ့အစိုးရဟာ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို နှိမ်နင်းဖို့ ကမ္ဘောဒီးယားနိုင်ငံအပေါ် ပိုမိုတင်းမာတဲ့ စည်းမျဥ်းကို ကျင့်သုံးသွားမယ်လို့ ဇွန် ၂၃ ရက် မှာ ပြောကြားခဲ့ပြီး ဒေသတွင်းမှာ တရားမဝင် အွန်လိုင်းလိမ်လည်မှုစင်တာတွေ တိုးပွားလာမှုကို ကိုးကားပြီးတော့ ‘တရားမ၀င်တဲ့ လုပ်ရပ်တွေကို တန်ပြန် အရေးယူသွားမယ်’လို့လည်း ကြေညာခဲ့ပါတယ်။
အဲဒီအစီအမံမှာ ထိုင်းနိုင်ငံရှိ ခရိုင် ၇ ခုမှာ နယ်စပ်ဖြတ်ကျော်မှု တိုးမြှင့်စစ်ဆေးခြင်းနဲ့ ကမ္ဘောဒီးယားမှာ တရားမဝင် လုပ်ရပ်တွေကို ပံ့ပိုးပေးတဲ့ ကုန်စည်တင်ပို့မှုတွေကို ရပ်ဆိုင်းခြင်း တို့လည်း ပါဝင်ပါတယ်။
“လုံခြုံရေးရည်ရွယ်ချက်အတွက် နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ နယ်စပ်ဖြတ်ကျော်မှုတွေကို တိုးမြှင့်စစ်ဆေးသွားမှာဖြစ်ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံရှိခရိုင် ၇ ခုမှာ စစ်ဆေးရေးဂိတ်တွေရဲ့ အလုပ်လုပ်ချိန်ကို ကန့်သတ်ခြင်းလည်း ပါဝင်မယ်”လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
မော်တော်ယာဉ်တွေနဲ့ အရေးကြီးကိစ္စ အထူးတလည် မရှိတဲ့ လူတွေကို နယ်စပ်ဖြတ်သန်းခွင့် မပြုဘူး လို့လည်း ဆိုပါတယ်။
ကျောင်း (သို့မဟုတ်) တက္ကသိုလ်တက်ရမယ့် ကျောင်းသားတွေနဲ့ ဆေးရုံဝန်ဆောင်မှုတွေ လိုအပ်တဲ့ လူနာတွေလို မဖြစ်မနေ ကိစ္စတွေအတွက် ခြွင်းချက်နဲ့ ခွင့်ပြုပေးသွားမယ်လို့လည်း ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား၊ ရေနံနဲ့ ကုန်စည်တင်ပို့မှုနဲ့ပတ်သက်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းတွေရဲ့ တရားမဝင်လုပ်ရပ်တွေကို အားပေးတဲ့ ကုန်ပစ္စည်းတင်ပို့မှုတွေကို ရပ်တန့် သွားမှာဖြစ်ကြောင်းနဲ့ အထူးသဖြင့် ကမ္ဘောဒီးယားကို ရေနံနဲ့ လောင်စာဆီ တင်ပို့မှုကို ရပ်ဆိုင်း လိုက်ခြင်းက သင့်တော်မှု ရှိ၊ မရှိကို ထည့်သွင်းစဉ်းစားသွားမယ်လို့လည်း ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာမှုတွေ ဆက်လက် မြင့်တက်နေပြီး ၂ နိုင်ငံစလုံးဟာ အမျိုးသားရေး စိတ်ဓာတ်ကို လှုံ့ဆော်ပေးနေကြပြီးတော့ ၂ နိုင်ငံ ကုန်သွယ်မှုကို ထိခိုက်စေတဲ့ တန်ပြန်အဆိုးပြု အစီအမံတွေကို ကြေညာနေကြတာလည်း ဖြစ်ပါတယ်။
Source:Reuters