
ကိုလံဘီယာနိုင်ငံ၊ ဘဲယိုမြို့မှာ မြေပြိုမှုကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံး၊ အနည်းဆုံး လူ ၁၅ ယောက် ထိခိုက်ဒဏ်ရာရပြီး ၁၅ ယောက် ပျောက်ဆုံးနေတယ်လို့ အစိုးရအာဏာပိုင်တွေက ဇွန် ၂၄ ရက်မှာ ပြောပါတယ်။
အန်တိယိုကီယာ မြို့အုပ်ချုပ်ရေးမှူး အန်ဒရေးစ် ဟူလီယန် ရန်ဒွန်က “အလောင်း ၁၀ လောင်းကို ဆယ်ယူရရှိထားပြီး ဒဏ်ရာရသူ ၁၅ ယောက်ကို စနစ်တကျ ကုသပေးနေပါတယ်။ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့က အရေးကြီးပါတယ်။ အသက်က ပထမဆုံး ဦးစားပေးကိစ္စပါ” လို့ ပြောပါတယ်။
အင်္ဂါနေ့အစောပိုင်းမှာ မြေပြိုမှုဖြစ်ပွားခဲ့ပေမဲ့ နောက်ထပ် မြေအစုလိုက်အပြုံလိုက် ရွေ့လျားပြိုကျလာမှာကို စိုးရိမ်ပြီး အာဏာပိုင်တွေဟာ တခြားနေရာတွေမှ မိသားစုတွေကိုလည်း တနေ့လုံး ရွှေ့ပြောင်းပေးခဲ့ပါတယ်။
မြေပြိုဘေးသင့်သူ ဖာနီမော်ရီစီယိုလိုဇာနိုက “ဒီမြေမှုန့်တွေအောက်မှာ မိသားစုတွေ အများကြီးရှိနေတယ်။ သူတို့ တော်တော်နက်နက်ကို နစ်မြုပ်သွားပြီး ခပ်ဝေးဝေးကို ရောက်သွားလောက်တယ်။ ဒါပေမဲ့ သူတို့ကို ပြန်ရှာတွေ့နိုင်မယ်လို့ ယုံကြည်ထားတယ်” လို့ ပြောပါတယ်။
အာဏာပိုင်တွေဟာ ဒေသခံတွေရဲ့အကူအညီနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို တာဝန်ချထားပြီး စာသင်ကျောင်းတွေနဲ့ ရပ်ရွာစင်တာတွေ အပါအဝင် နေရာအသီးသီးမှာ ယာယီခိုလှုံရေးစခန်းတွေ ထူထောင်ကာ ဘေးဒဏ်သင့်မိသားစုတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။
Source:Reuters