
ထိုင်းနိုင်ငံ၊ မဲဆောက်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ မြန်မာလက်ဖက်ရည်ဆိုင်တဆိုင်ကို ထိုင်းအာဏာပိုင်တွေက ဇွန် ၂၃ ရက် မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်းအမျိုးသမီး တယောက်နဲ့ မြန်မာနိုင်ငံသား ၄ ယောက်တို့ ပါဝင်ပြီး ထိုင်းအာဏာပိုင်တွေက သူတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါနေ့က လက်ဖက်ရည်ဆိုင်ကိုသွားခဲ့တဲ့ မြန်မာအမျိုသားတယောက်က "ဖမ်းခံရတဲ့နေ့က လက်ဖက်ရည်သောက်တဲ့သူတွေ အတော်လေးများတယ်။ ဆိုင်ထိုင်တဲ့သူတွေတော့ အဖမ်းမခံရဘူး။ ကား ၂ စီးဝင်လာတော့ ကျနော်လည်း လန့်ပြီး ထပြေးတာ။ ပြီးမှ တောမော (လဝကရဲ) တွေနဲ့ အဖွဲ့စုံ စစ်ဆေးပြီး ပိုင်ရှင်နဲ့ ဆိုင်အလုပ်သမား ၄ ယောက်ကို ဓာတ်ပုံတွေ ရိုက်နေတာ။ ပြီးတော့ ထိုင်းသတင်းဌာနမှာ ဖမ်းဆီးလိုက်ကြောင်း သတင်းတက်လာတာ” လို့ပြောပါတယ်။
မဲဆောက်မြို့မှာ အနှစ် ၃၀ ကြာနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်ကလည်း “မဲဆောက်မှာ အခုရက်ပိုင်း အဖမ်းဆီးကြမ်းနေတယ်။ တွေ့သမျှ အကုန်ဖမ်းနေတာ။ အရင်လို (စမ်လော့) ၃ ဘီးဆိုင်ကယ်တွေလည်း မဲဆောက်ဈေးထဲမှာ သိပ်မတွေ့ရတော့ဘူး”လို့ ပြောပါတယ်။
ဇွန် ၂၂ ရက်ကလည်း ထဆိုင်လွတ်ရပ်ကွက်က လူနေတန်းလျားတွေကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ပြီး အထောက်အထား နေထိုင်ခွင့်နဲ့ ဧည့်စာရင်းတိုင်ကြားထားမှုရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံရတာတော့ မရှိခဲ့ပါဘူး။