
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဇွန် ၂၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံနဲ့ TNLA သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် ၁၀ လုံးလောက် ပျက်စီးသွားတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“စံပြ ထမင်းဆိုင် အဲဒီနား ၂ လုံးကျတယ်။ ပြီးတော့ ၃ ရပ်ကွက် ဗလီနားလေး ၂ လုံးကျတယ်။ ပန်းစံပယ် လက်ဖက်ရည်ဆိုင်နားလေး။”
ထိခိုက်ဒဏ်ရာရတဲ့ သူတွေထဲမှာ နောင်ချို့ကနေ ကျောက်မဲကို စစ်ရှောင်လာတဲ့ မိသားစုဝင်တချို့ ပါတယ်လို့ သိရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ အတိအကျ မသိရသေးပါဘူး။
မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ ဇွန် ၂၄ ရက် ညနေ ၄ နာရီ ၃၉ မိနစ်မှာ တက်လာတဲ့ စစ်ကောင်စီရဲ့ FTC - 2000 G Fighter Jet တစီး ကျောက်မဲမြို့တွင်း ညနေ ၅ နာရီနဲ့ ၅ နာရီ ၄ မိနစ်လောက်က လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း Nationwide Air Scout က သတင်းထုတ်ထားပါတယ်။
PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကတော့ ကျောက်မဲမြို့၊ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၇ မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချလို့ ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရခဲ့ကြောင်း အတည်ပြု သတင်းထုတ်ထားပါတယ်။
ဇွန် ၁၂ ရက်ကလည်း နမ္မတူမြို့နယ်၊ မန်လီရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ ပါတယ်။