DVB Logo
Home
နိုင်ငံတကာ
အမေရိကန် တိုက်ခိုက်မှုအပြီး အရှေ့အလယ်ပိုင်းလေကြောင်းခရီးစဉ်များ ဖျက်သိမ်း
DVB
·
June 24, 2025
အမေရိကန် တိုက်ခိုက်မှုအပြီး အရှေ့အလယ်ပိုင်းလေကြောင်းခရီးစဉ်များ ဖျက်သိမ်း
Donate to DVB

အီရန်ကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ပြီးနောက် အရှေ့အလယ်ပိုင်း လေကြောင်း ခရီးစဉ်တွေအများအပြား ဖျက်သိမ်းထားကြတဲ့အကြောင်း The Nation Thailand သတင်းမှာ ဇွန် ၂၃ ရက်က ဖော်ပြပါတယ်။

အီရန်နဲ့ အစ္စရေးတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအရှိန် သိသိသာသာ တိုးမြင့်လာနေချိန်မှာပဲ အီရန်နျူကလီးယားစခန်း ၃ ခုကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွေဆီ ပျံသန်းမှုတွေကို ဆိုင်းငံ့ထားကြဖို့ ကမ္ဘာတဝန်း လေကြောင်းလိုင်းတွေက ဆုံးဖြတ်ခဲ့ကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ Krungthep Turakij သတင်းစာမှာတော့ အာရှရဲ့ အကြီးဆုံးလေကြောင်းလိုင်းတွေထဲက တခုဖြစ်တဲ့ Singapore Airlines က သူတို့ရဲ့ စင်ကာပူ-ဒူဘိုင်း လေကြောင်းခရီးစဉ်ကို ဘေးကင်းလုံခြုံရေးအတွက် ဖျက်သိမ်းလိုက်တဲ့ အကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာလိုက်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေကြား ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လေပိုင်နက်တွေ ပိတ်လိုက်ပြီးချိန်ကတည်းက အရှေ့အလယ်ပိုင်းဒေသဟာ ဥရောပနဲ့ အာရှဒေသကြား အရေးပါတဲ့ လေကြောင်းစင်္ကြံတခုဖြစ်လာနေတာပါ။

ဒါပေမဲ့လည်း လတ်တလောမှာတော့ လေကြောင်းခရီးစဉ်စောင့်ကြည့်ရေး ဝက်ဘ်ဆိုက် တခုဖြစ်တဲ့ FlightRadar24 ရဲ့ ဒေတာအချက်အလက်တွေအရ  နိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့ အီရန်၊ အီရတ်နဲ့ အစ္စရေးလေပိုင်နက်တွေကို ရှောင်ကွင်းပျံသန်းနေကြရတယ်လို့ ဆိုပါတယ်။

အဓိကလေကြောင်းလိုင်း အများအပြားကတော့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားကြပြီး Air France လေကြောင်းလိုင်းက တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ပျံသန်းပြေးဆွဲမယ့် သူတို့ရဲ့ ဒူဘိုင်းနဲ့ ရီယာ့ဒ် ခရီးစဉ် နှစ်ခုစလုံးကို ဖျက်သိမ်းခဲ့သလို British Airways ကလည်း ဒူဘိုင်းနဲ့ ဒိုဟာဆီ ပြေးဆွဲမှုတွေကို ဆိုင်းငံ့ထားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်မှာတော့ American Airlines က သူတို့ရဲ့  လေကြောင်းတိုက်ခိုက်မှုမတိုင်မီ ကာတာကို ပျံသန်းမှုတွေကို ဆိုင်းငံ့ထားသလို United Airlines ကလည်း အခုအခါ ဒူဘိုင်းကိုသွားမယ့် လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဋိပက္ခကြောင့် လောင်စာဆီဈေးတွေ တက်စေပြီး လေယာဉ်ဆီ ကုန်ကျစရိတ် မြင့်တက်လာမှာကိုလည်း လေကြောင်းလိုင်းတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ပြည်တွင်းရော ပြည်ပမှာပါ သောင်တင်နေတဲ့ ခရီးသွားတွေကို ကူညီဖို့ အစ္စရေးက ဘေးလွတ်ရာ ရွှေ့ပြောင်းရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး အစ္စရေးလေဆိပ်များအာဏာပိုင် (IAA) ရဲ့အဆိုအရ အဆိုပါကယ်ဆယ်ရေး လေယာဉ်တွေကို တနင်္လာနေ့ကစတင်ကာ တရက်ကို ၂၄ ကြိမ်အထိ တိုးလာမှာဖြစ်ပြီး လေယာဉ်တစင်းမှာ ခရီးသည် ၅၀ ယောက်သာ ကန့်သတ်ထားတယ်လို့ ပြောပါတယ်။

အစ္စရေးအမျိုးသားလေကြောင်းလိုင်း EL AL ကတော့ သူတို့ဆီကို တရက်ကို လူ ၂၅၀၀၀ လောက်ဆီက လေကြောင်းနဲ့ ထွက်ခွာဖို့ တောင်းဆိုမှုတွေ လက်ခံရရှိနေတဲ့အကြောင်း ပြောထားပါတယ်။

Source: The Nation Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013