
ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့တပတ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ အပြင်းအထန်ဖြစ်သူ ၂ ယောက်ရှိပြီး ရန်ကုန်တိုင်းမှာလည်း ရှေ့တပတ်ကထက် ဝမ်းရောဂါဖြစ်သူ သိသိသာသာ လျော့မသွားတာကို စစ်ကောင်စီကျန်းမာရေးဌာနရဲ့ ဇွန် ၂၃ ရက်မှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
ဇွန် ၁၅ ရက်ကနေ ဇွန် ၂၂ ရက် ညနေ ၆ နာရီအထိ အချက်အလက်တွေအရ ရန်ကုန်တိုင်းထဲမှာ အယောက် ၆၀၊ ပဲခူးတိုင်းမှာ ပြင်းထန်လူနာ ၂ ယောက် ဆေးရုံတက် ကုသနေရတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်ရှေ့တပတ်ကတော့ ရန်ကုန်တိုင်းထဲမှာ ၆၂ ယောက်၊ ပဲခူးတိုင်းမှာ ပြင်းထန်လူနာ ၁ ယောက် ဆေးရုံတက် ကုသခဲ့ရတာဖြစ်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရတော့ သေဆုံးသူ မရှိတာကို တွေ့ရပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရောဂါပိုးတွေပါတဲ့ မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်တွေကို စားမိရာကနေ ကူးစက်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါအထိ ဖြစ်ပွားတတ်ပါတယ်။
ရောဂါဖြစ်ရင် အရည်ဝမ်းတွေ သွားတာ၊ အော့အန်တာ၊ အားအင်ကုန်ခန်းတာ၊ ကြွက်တက်တာ သတိလစ်တာ စတာတို့ဖြစ်နိုင်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
အစားအစာတွေ ကျက်အောင် ချက်ပြုတ်ဖို့၊ ယင်မနားအောင် လုံလုံခြုံခြုံ ဖုံးအုပ်ဖို့၊ အစားအစာတွေ မကိုင်ခင်၊ မပြင်ဆင်ခင်၊ မစာခင်၊ အိမ်သာ သုံးပြီးတိုင်းနဲ့ အညစ်အကြေးတွေ ကိုင်တွယ်ပြီးချိန်တိုင်းမှာ ရေနဲ့ ဆပ်ပြာကိုသုံးပြီး လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။
ပြီးတော့ ကျိုချက်ထားတဲ့ရေ ဒါမှမဟုတ် ရေသန့်စင်ဆေးပြား ခတ်ထားတဲ့ရေ ဒါမှမဟုတ် FDA အသိအမှတ်ပြု သောက်ရေသန့်ကိုပဲသောက်ဖို့၊ အိမ်သာတွေကို ယင်လုံအောင်လုပ်ဖို့၊ စားကြွင်းစားကျန်တွေ၊ အမှိုက်သရိုက်တွေနဲ့ အညစ်အကြေးတွေကို စနစ်တကျစွန့်ပစ်ဖို့၊ ရောဂါပြင်းထန်ရင် နီးစပ်ရာကျန်းမာရေးဌာနကို သွားရောက်ပြသဖို့နဲ့ ဓာတ်ဆားရည်သောက်ဖို့လည်း တိုက်တွန်းထုတ်ပြန်ထားပါတယ်။