
အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူး ကုန်သွယ်ရေးလမ်းပိုင်း နေရာအများစုကို စစ်အာဏာရှင်တပ် က ထိန်းချုပ်ပြီးနောက် ကလေး-ယာကြီး-မုံရွာလမ်းပိုင်းဘက်ကို ဆက်ထိန်းချုပ်ဖို့ ပြင်ဆင်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ကလေး-တမူး ကုန်သွယ်ရေးလမ်းပိုင်းကို စစ်အာဏာရှင်တပ်က ဇွန်လဆန်းမှာ ပြန်ထိန်းချုပ်ဖို့ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လကုန်ပိုင်းမှာ နေရာအများစုကို ပြန်ထိန်းချုပ်လိုက် တာပါ။
အဲဒီနောက်ပိုင်းမှာ ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်တာထက် ဗျူဟာတကျ အထိုင်ချတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေး၊ တံတားဦးလေဆိပ်ကနေ ကလေးမြို့ကို အင်အားနဲ့ရိက္ခာတွေ လေကြောင်းကနေ ထောက်ပို့ နေပြီး နောက်တဆင့်အဖြစ် ကလေး-ယာကြီး-မုံရွာလမ်းပိုင်းကို ထပ်ပြီး ထိုးစစ်ဆင်လာနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်က ပြောပါတယ်။
ကလေး-မုံရွာလမ်းပိုင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တယောက်က “စိုးရိမ်ချက်က ဘာတခု ရှိလဲ ဆိုတော့ကြတော့ အိန္ဒိယလမ်းပိုင်း မုံရွာ-ယာကြီး-ကလေးဝ- တမူးလမ်းပိုင်းမှာ သူတို့ ပြန်ပြီးတော့မှစစ်ကြောင်းထိုးလာနိုင်တဲ့အခြေအနေတွေရောပေါ့နော်၊ ဒီလိုသုံးသပ်ချက်တွေက စိုးရိမ်စရာတော့ရှိပါတယ်။ ခုတလော Y8 တွေ လမ်းကြောင်းရှုပ်နေတယ်၊ လောလောဆယ် တံတားဦးကနေပြီးတော့ ကလေးကို ခေါက်တုံ့ခေါက်ပြန် တရက်ကို ၄-၅ ခါလောက် ကူးသန်း ဆက်သွယ်နေတယ်။ ကျောက်စိမ်းတွေသယ်နေတယ်လို့လည်း သတင်းကြားတယ်၊ အင်အားဖြည့် နေတယ်လို့လည်း သတင်းကြားတယ်။ ဘယ်ဟာက အတည်ဖြစ်လဲတော့ မသိဘူး၊ ဖောင်းပြင် ဘက်ကနေကျောက်စိမ်းတွေကို ကားနဲ့ကလေးကိုပို့ပြီးတော့ ကလေးကနေ တံတားဦးကို ကျောက်စိမ်းသယ်နေတယ်လို့လည်း သိထားရပါတယ်။ လောလောဆယ်တော့ တံတားဦးနဲ့ ကလေး ကို ကူးနေတယ်၊ ရိက္ခာနဲ့အင်အားပို့တာလို့လည်း ထင်ကြတယ်၊ ကျောက်စိမ်းသယ်တယ်လို့ လည်း ထင်ကြတယ်ပေါ့”လို့ ပြောပါတယ်။
ဇွန် ၇ ရက်ကစပြီး စစ်အာဏာရှင်တပ်တွေဟာ တမူးမြို့ဘက်က စစ်ကြောင်းတခု၊ ကလေးမြို့ဘက် က စစ်ကြောင်းတခု တပြိုင်တည်းအသုံးပြုပြီး နှစ်ဖက်ညှပ်ထိုးစစ်ဆင်ခဲ့တာပါ။
မိုင် ၈၀ ကျော်ရှည်လျားတဲ့ ကလေး-တမူးလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်ဘက်က ၂ လနီးပါး အချိန်ယူခဲ့ရပြီး လေကြောင်းနဲ့လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုခဲ့ရပါတယ်။
လက်ရှိအချိန်အထိ လမ်းမနေရာတွေကို ထိန်းထားတယ်ဆိုပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောက်ကျားစစ်ကြောင့် အပြီးသတ်ထိန်းချုပ်နိုင်ပြီး ကုန်သွယ် သွားလာနိုင်တဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။
ကလေး-တမူး ဒေသခံတယောက်က “ကလေး-တမူး လမ်းပိုင်းအခြေအနေကတော့ ကလေးနဲ့ ရာဇဂြိုဟ်ကတော့ အသွားအလာရှိတယ်၊ ဒါပေမဲ့ရာဇဂြိုဟ်ရွာထဲကနေတာ့ ဖြတ်သွားလို့မရဘူးပေါ့၊ တခြားကွင်းလမ်းကနေသွားလို့ရတယ်။ ရာဇဂြိုဟ်ကနေ အရှေ့လမ်းမ ခါမ်းပါတ်အထိကိုတော့ တရားဝင်တော့သွားခွင့်မရှိဘူးပေါ့၊ လယ်တောမှာနေတဲ့သူတွေ ဖြတ်သွားဖြတ်လာရှိတယ်၊ သူတို့ကို စစ်ဆေးမေးမြန်းတာတွေရှိတယ်ပေါ့၊ စစ်ရေးအခြေအနေကတော့ သူတို့ဘက်က လက်နက်ကြီးတွေ ပြင်ဆင်မှုလုပ်နေတယ်။ ခါမ်းပါတ်အထိတော့ အသွားအလာတော့ တရားဝင်တော့မရှိပါဘူး၊ ထိပ်တိုက်ရင်ဆိုင်မှုကတော့ သိပ်မတွေ့ရဘူး။ ဒါပေမဲ့ သူတို့နှစ်ဖက်တွေ့တဲ့အချိန်ကြရင်တော့ ပစ်တာခတ်တာတွေ အနည်းငယ်ရှိကြတယ်၊ အဲ့ဒီလောက်ပါပဲ။ စပြီးစစ်ဖြစ်ကတည်းက စစ်ဘေးရှောင်တွေအတွက်က ဘာမှ မရဘူးလေနော်၊ တော်တော်တော့ ခက်ကြတယ်၊ ဖျားတာနာတာတွေဆိုတော့ ဆေးဝါးတွေဘာတွေကလည်း ရာဇဂြိုဟ်ကနေ ဖြတ်ပြီးတော့ ကလေးဘက်ကို သွာလို့မရဘူး။ တောလမ်းကနေသွားရတယ်ဆိုတော့ တော်တော်တော့ ခက်ခဲ ကြပါတယ်”လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကလေး-တမူးလမ်းပိုင်းက ကျေးရွာ ၅၀ ကျော်မှာ နေထိုင်တဲ့ပြည်သူတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာပါ။
မိုးရာသီဖြစ်တဲ့အတွက် တောလမ်းကနေ သွားလာရေးကလည်း အဆင်မပြေတဲ့အတွက် အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက် မြင့်မားနေတယ်လို့ ဒေသခံပရဟိတသမားတွေက ပြောပါတယ်။
ဇွန်လဆန်းမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံပြီးနောက် စစ်ခေါင်းဆောင်ဟာ အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးစခန်းတွေနဲ့ လမ်းတွေကို ပြန်ထိန်းချုပ်ဖို့ သာလွန်အင်အားသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သုတချမ်းသာ











