DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
June 24, 2025
မင်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က အရာရှိ ၃ ယောက် အပါအဝင်  အယောက် ၂၀ ကျော် သေဆုံးပြီးနောက် စစ်တပ်က ခုလို ရွာမီးရှို့ခဲ့တာလို့ ဆိုပါတယ်။  

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၂၃ ရက်မှာ ‌မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည် ကားလမ်း အရှေ့ဘက်က ဗိုလ်တထောင်၊ ဆင်အိုင်ချောင်းပေါက်၊ ဆားချောင်း၊ ရွေးကုန်း၊ ဂန့်ဂေါ်ပင် စတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတယောက်က ပြောပါတယ်။

“မနက် ၅ နာရီလောက်ကတည်းက စစ်သားတွေ တရွာဝင်တရွာထွက် လိုက်မီးရှို့နေတာ၊ ဘယ်ရွာတွေ ဆက်ရှို့ဦးမလဲမသိဘူး၊ မီးခိုးတွေမှောင်မည်းနေတာပဲ၊ ဘာမှမဆိုင်တဲ့ ရွာတွေကို မီးရှို့နေတာ။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာလို့  ရွာသူရွာသားတွေ ထွက်ပြေးနေချိန် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဂန့်ဂေါ်ပင်ကျေးရွာသူတယောက်က ပြောပါတယ်။

“စစ်သားတွေလာပြီဆိုတော့ ရွာသားတွေလည်း အကုန်ထွက်ပြေးရတာ။ ကျန်ခဲ့တဲ့သူတွေလည်းရှိ တယ်ကြားတယ်။ ရှောင်နေရတာတော့ ဟိုးစဖြစ်တဲ့နေ့ (ဇွန် ၁၆) ကတည်းက ရှောင်နေကြတာ။ အိမ်စောင့်တွေပဲရွာမှာ ကျန်ခဲ့တာ။ ခု ပိတ်မိကျန်ခဲ့တဲ့ ရွာသားတွေလည်း ဖမ်းထားတယ် ပြောတယ်။ မီးက ရွာအရှေ့ဖျားကနေ စရှို့တာ၊ မီးလည်းမငြိမ်းသေးဘူး။” 

ပဲခူးတိုင်း အနောက်ဘက်ရှိ မြို့နယ်တွေနဲ့ ပဲခူးရိုးမအစပ်ရှိကျေးရွာတွေဟာ စစ်ကောင်စီရဲ့ စိုးမိုးမှုမရှိတော့ဘဲ PDF တွေ စိုးမိုးထားပြီး တော်လှန်ရေးရဲဘော်တွေကို ကူညီထောက်ပံ့နေတဲ့ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးဖို့ တပ်ထောက်ခံသူတွေက ရေးသားဖော်ပြနေပါတယ်။

မင်းလှမြို့နယ် ငမိုးရိပ် ကျေးရွာသားတယောက်က “၂၀ ရက်နေ့က တောင်ပြတ်ရွာကို‌ စမီးရှို့တယ်၊ ခုနေ့လည်း မီးရှို့ခံရတဲ့ ရွာတွေမနည်းများတယ်။ ဘာမှမဆိုင်တဲ့ ရွာတွေကို လိုက်ဖျက်ဆီးနေတာ။ တကယ်တိုက်ချင်ရင် PDF တွေ ပဲခူးရိုးမထဲမှာ ရှိသားပဲ သွားတိုက်ပါလား၊ အဲဒီလိုလည်း မဟုတ်ဘူး၊ ဘာလက်နက်မှမရှိတဲ့ ရွာသားတွေကို အနိုင်ကျင့်နေတာ၊ အဲဒီတော့ ရွာသားတွေက စစ်တပ်ပိုစိတ်နာပြီး PDF ထဲ ဝင်သွားကြတာ” လို့ ပြောပါတယ်။

ဇွန် ၁၆ ရက်က မင်းလှမြို့နယ် ဆင်အိုင်ချောင်းပေါက်ရွာနဲ့ စစ်ကွင်းတာစုံအနီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က အရာရှိ ၃ ယောက် အပါအဝင် ၂၀ ကျော် သေဆုံးခဲ့သလို ဇွန် ၂၀ ရက် တောင်ပြတ်ရွာတိုက်ပွဲမှာတော့  တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးခဲ့ပါတယ်။

မင်းလှမြို့နယ်မှာ လက်ရှိ  စစ်ရေးအခြေနေ တင်းမာနေပြီး စစ်တပ်က ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ပြီး ပြည်သူကို လူသားဒိုင်းအဖြစ် ထားရှိထားတယ်လို့လည်း တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

မင်းလှမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အချိန်ထိ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ပဲခူးရိုးမအစပ်က ကျေးရွာ ၁၅ ရွာထက်မနည်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013