
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကိုးလံကျေးရွာရှိ နေအိမ်တအိမ်မှာ ဇွန် ၂၂ ရက် ညပိုင်းက လက်နက်ကိုင်ထားသူ လူ ၄ ယောက် ဝင်လာပြီး ဧည့်စာရင်းစစ်မယ်ဆိုကာ လည်ပင်းကို ဓားထောက်ပြီး ဓားပြတိုက်တာကြောင့် ငွေ ကျပ် ၇ သိန်းနဲ့ ပစ္စည်းတချို့ ပါသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်သိရှိသူတယောက်က “ည ၉ နာရီဝန်းကျင်မှာ ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်လာတာ၊ ၂ ယောက်က ဆိုင်ကယ်ပေါ်မှာစောင့်နေပြီး ကျန် ၂ ယောက်က အိမ်ဝန်းကိုကျော်ဝင်ပြီး ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်လာတယ်။ ဝင်လာပြီး သမီးဖြစ်သူ လည်ပင်းကို ဓားထောက်ပြီး အိမ်ထဲပစ္စည်းတွေ ရှာယူသွားတယ်။ အမေရဲ့နားကပ်ကိုလည်း ချွတ်ယူသွားတယ်” လို့ ပြောပါတယ်။
ဓားပြတိုက်သူတွေဆီမှာ အလျား ၂ ပေခန့်ရှိတဲ့ ဓား ၂ ချောင်းပါပြီး ငွေ ၇ သိန်း၊ နားကပ်တစုံ၊ ဖုန်း ၂ လုံးနဲ့ ဆိုင်ကယ်တစီး ပါသွားတယ်လို့ သိရပါတယ်။
ဓားပြတိုက်သူတွေက နေအိမ်အတွင်း ကားကိုလည်း သူတို့ပါလာတဲ့သော့နဲ့ ဖွင့်ပြီး ယူဖို့ကြိုးစားပေမဲ့ မရတာကြောင့် တခြားပစ္စည်းတွေကို ယူသွားခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ TNLA အယောင်ဆောင် ဓားပြတိုက်မှုတွေနဲ့ ပတ်သက်ပြီး TNLA ဘက်ကို ဆက်သွယ်မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူ မလွေးယေဦးက “TNLA အယောင်ဆောင်ပြီး ဓားပြတိုက်တယ်၊ လူထုတွေကို လုယက်နေတယ် ဆိုရင် သူတို့ကို ကျမတို့ ဖမ်းဆီးအရေးယူသွားမှာပါ။ ပြီးခဲ့တဲ့ရက်တွေမှာ ဓားပြတိုက်တာ၊ လူတွေကိုလုယက်တာ ပြည်သူတွေကို ဒုက္ခပေးသူတွေကို ကျမတို့ အရေးယူနိုင်ခဲ့တာ ရှိပါတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့ သဒွတ်လျိုကျေးရွာအုပ်စု တောင်တွန်းရွာမှာလည်း ဇွန် ၂၂ ရက် မနက်ပိုင်းက TNLA အယောင်ဆောင်ထားသူ လက်နက်ကိုင်လူတစု ဓားပြတိုက်တာကြောင့် ငွေကျပ် ၁၀ သိန်းနဲ့ ရွှေလက်ဝတ်ရတနာတချို့ ပါသွားခဲ့ပါတယ်။