
ပြည်တွင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ Wifi ကုမ္ပဏီတွေ၊ ဆက်သွယ်ရေး ကုမ္ပဏီတွေအနေနဲ့ အင်တာနက်လိုင်း ပြတ်တောက်တဲ့အချိန်ပေါ် မူတည်ပြီး သတ်မှတ်လျော်ကြေးငွေ ဒါမှမဟုတ် အစားထိုးဝန်ဆောင်မှုပေးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးသက်ဝင်းအောင်က ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးရဲ့ ၁၁ ရက်မြောက်နေ့မှာ ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းလှိုင်က ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ WiFi လိုင်းနဲ့ Internet Package များ ရောင်းချရာမှာ မည်ကဲ့သို့ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချုပ်ဆိုထားသည်ကို သိလိုကြောင်း မေးမြန်းတဲ့ မေးခွန်းကို ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
“ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအား သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးသွားရန် အကြောင်းကြားခြင်း လိုက်နာမှုမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၇ နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥဒေ ပုဒ်မ ၄၁ (က) အရ သတိပေးခြင်း၊ ဖောက်ဖျက်မှုအတွက် ပြန်လည်ပြင်ဆင်ရန်နှင့် နောင်ဖြစ်လာနိုင်သည့် ဖောက်ဖျက်မှုကို တားဆီးရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာဝင်ငွေ၏ ၅ ရာခိုင်နှုန်းအထိ ဒဏ်ငွေပေးဆောင်ရန် သတ်မှတ်ခြင်း၊ လိုင်စင်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း အစရှိသည့် အရေးယူမှုများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် ပြောပါတယ်။
ပြည်တွင်းမှာ MPT၊ Mytel၊ Atom၊ U9 စတဲ့ ဆက်သွယ်ရေးလိုင်းတွေအပြင် MBT၊ Mahar Net၊ Myanmar Net အစရှိတဲ့ Wifi ကုမ္ပဏီတွေက ပြည်သူလူထုထံက အခကြေးငွေရယူကာ ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုတွေပေးနေတာ ဖြစ်ပါတယ်။
အဲဒီလို ဆက်သွယ်ရေး အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့ အင်တာနက်လိုင်းကျတဲ့အခါ အချိန်မီဖြေရှင်းပေးတဲ့ ကုမ္ပဏီနည်းပါးပြီး အချိန်ကြာမြင့်စွာ စောင့် ဆိုင်းကြရတယ်လို့ ရန်ကုန်မြို့က Wifi အသုံးပြုသူတွေက ဆိုပါတယ်။
လှိုင်မြို့နယ်နေ အမျိုးသမီးတယောက်က “ညီမတို့ဆို သားက အွန်းလိုင်းကနေ ကျောင်းတက်နေတာမလို့ Wifi ကို တနှစ် Package ယူထားတာ။ တနှစ်ယူလို့ ဈေးလျှော့ပေးတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ခဏခဏပျက်လို့ complain ချည်းတက်နေရတယ်။ တခါပျက်ရင် သုံးလေးချက်ချည်းပဲ။ တပ်ပြီး တခု မပြောင်းချင်တာရယ်၊ ငွေသွင်းပြီးသားဖြစ်နေတာရယ်ကြောင့် သည်းခံပြီး သုံးနေရတာပဲ” လို့ DVB ကို ပြောပါတယ်။
တကယ်လို့ ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုသူ ပြည်သူတွေအနေနဲ့ တိုင်ကြားလာပါက ဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ပြီး အရေးယူတာတွေ ဆောင်ရွက်သွားမယ်လို့ ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီကနေ့ လွှတ်တော် အစည်းဝေးမှာ ပြောကြားသွားပါတယ်။










