
အမေရိကန်ထိန်းချုပ်ထားတဲ့ အီရန်ရဲ့ပိုင်ဆိုင်မှုတွေကို သင်္ဘောတွေနဲ့ ကုန်စည် ပျက်စီးမှုတွေအတွက် လျော်ကြေးပေးဖို့ အသုံးပြုသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြောကြားချက်အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ်အာရက်ချီက ဒါဟာ အန္တရာယ်ရှိတဲ့ နိုင်ငံတကာ စံနမူနာဆိုး တခု ဖြစ်သွားလိမ့်မယ်လို့ ဇူလိုင် ၂၄ ရက်မှာ တုံ့ပြန်လိုက်ပါတယ်။
ဇူလိုင် ၂၃ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်လက်ထဲမှာရှိတဲ့ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ အီရန်ငွေကြေးတွေကို အသုံးပြုပြီး သင်္ဘောတွေနဲ့ ကုန်စည်တွေ ထိခိုက်ပျက်စီးမှု အားလုံးအတွက် လျော်ကြေးပေးသွားမယ်လို့ သတိပေးပြောကြားချက်ကို သူ့ရဲ့ Truth Social မှာ ပို့စ်ရေးသားခဲ့တာပါ။ ဒါပေမဲ့ ဘယ်လိုလျော်ပေးမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထရမ့်ပ်က မပြောထားပါဘူး။
ထရမ့်ပ်ရဲ့ပို့စ် တက်လာပြီး နာရီပိုင်းအကြာမှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီရဲ့ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အစိုးရတွေက အခုလို သိမ်းဆည်းတာကို ပုံမှန်အလေ့အထလို လုပ်လာကြရင် ဘယ်သူ့ပိုင်ဆိုင်မှုမှ ဘေးကင်းတော့မှာ မဟုတ်ဘူးလို့လည်း သောကြာနေ့မှာ ထပ်လောင်းပြောပါတယ်။
“အဲဒီနောက်ပိုင်း ဖြစ်လာမဲ့ ရှုပ်ထွေးမှုတွေဟာ သာယာမှာမဟုတ်သလို ငြိမ်းချမ်းမှာလည်း မဟုတ်ပါဘူး” လို့ အီရန်ဝန်ကြီးက ဆိုပါတယ်။
ဒီအပတ်ထဲမှာ ဆော်ဒီအာရေဗျကို ရေကြောင်းပိတ်ဆို့မှု လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားတဲ့ ယီမင် ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှု မှန်သမျှအတွက် အီရန်မှာ တာဝန်ရှိတယ်လို့ သမ္မတ ထရမ့်ပ် က ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။
ယီမင် တိုက်ခိုက်ရေးသမားတွေဟာ ဒီအပတ်ထဲ ပင်လယ်နီအတွင်း ဆော်ဒီ ရေနံတင်သင်္ဘော ၂ စင်းကို တိုက်ခိုက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲဟာ ဒုတိယမြောက် အဓိက ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းအထိ ကျယ်ပြန့်လာခဲ့ပါတယ်။
Source: Reuters











