DVB Logo
Home
နိုင်ငံတကာ
နှစ် ၅၀ ကြာ သေကျေပျက်စီးမှုများ အီရန် လျော်ကြေးပေးရမည်ဟု ထရမ့်ပ် တောင်းဆို
DVB
·
August 11, 2026
Photo: Reuters
Photo: Reuters
Donate to DVB

စစ်ပွဲ၊ တိုက်ခိုက်မှုတွေနဲ့ ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့သူတွေအတွက် အီရန်က လျော်ကြေးပေးဖို့ ဩဂုတ် ၁၀ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုလိုက်ပါတယ်။

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးအတွက် အီရန်ဘက်က စစ်ပွဲပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့ အမေရိကန်ကို တောင်းဆိုထားချိန်မှာ ထရမ့်ပ်ကလည်း တန်ပြန်လျော်ကြေးတောင်းတာ ဖြစ်ပါတယ်။

အရင်က ထည့်မပြောဘူးတဲ့ ဒီတန်ပြန်တောင်းဆိုချက်ကြောင့် နှစ်ဖက်ညှိနှိုင်းရေး ပိုခက်ခဲလာပြီး ဟော်မုဇ် သဘောတူညီချက် ရနိုင်မဲ့ အလားအလာလည်း မှေးမှိန်လာပါတယ်။

အီရန်ရဲ့ တောင်းဆိုချက်တွေက ဇွန်လမှာ လက်မှတ်ရေးထိုးခဲ့ပေမဲ့ နောက်ပိုင်း ပျက်ပြယ်သွားတဲ့ ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ အများအားဖြင့် ကိုက်ညီပါတယ်။

“သူတို့ကြောင့် နှစ် ၅၀ ကြာ ဖြစ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ငွေတောင်းမယ်” လို့ ထရမ့်ပ်က အိမ်ဖြူတော်မှာ ပြောပါတယ်။

အီရန်အစိုးရကြောင့် ဆန္ဒပြသူ ၅၂,၀၀၀ သေဆုံးခဲ့တယ်လို့ ထရမ့်ပ်က ဆိုပေမဲ့ အမေရိကန်အခြေစိုက် HRANA အဖွဲ့ကတော့ ဖေဖော်ဝါရီလအထိ သေဆုံးသူ ၇,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၀၀ ပြည့်နှစ်က USS Cole စစ်သင်္ဘော တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့ အမေရိကန်သင်္ဘောသား ၁၇ ယောက်ရဲ့ မိသားစုတွေကိုလည်း လျော်ကြေးပေးဖို့ ထရမ့်ပ်က တောင်းဆိုပါတယ်။

ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့ လက်ချက်မဟုတ်ဘဲ အယ်လ်ကေးဒါးအဖွဲ့ရဲ့ လက်ချက်လို့ သတ်မှတ်ထားပါတယ်။

အီရန်နဲ့ အိုမန်တို့က ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမဲ့ လမ်းကြောင်းမြေပုံကို သဘောတူထားပေမဲ့ နည်းပညာပိုင်း အချက်တချို့ မဖြေရှင်းရသေးပါဘူး။

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ကုန်သွယ်မှုရဲ့ ငါးပုံတပုံခန့် ဖြတ်သန်းတဲ့ ဒီရေလက်ကြားဟာ ဖေဖော်ဝါရီလမှာ စစ်ပွဲစတင်ပြီးကတည်းက ပိတ်ထားသလို ဖြစ်နေပါတယ်။

သဘောတူညီချက်ရနိုင်မဲ့ အလားအလာ ကျဆင်းလာတာကြောင့် ဩဂုတ် ၁၀ ရက်မှာ ရေနံဈေး ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013