
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဇွန် ၂၃ ရက်ကနေ ၂၉ ရက်အထိ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်းကို တပိဿာ ၆,၀၈၀ ကျပ်အထိ လျှော့ချ သတ်မှတ်လိုက်ပါတယ်။
အခုနှစ် ဇန်နဝါရီလကစပြီး အင်ဒိုနီးရှားနဲ့ မလေးရှားကနေ တင်သွင်းတဲ့ စားအုန်းဆီဈေးနှုန်းတွေ တောက်လျှောက် ကျဆင်းလာတာကြောင့် ပြည်တွင်း လက်ကားရည်ညွှန်းဈေးနှုန်းလည်း ဆက်တိုက်ကျဆင်းလာတာလို့ ကော်မတီက ဆိုပါတယ်။
ကော်မတီက သတ်မှတ်တဲ့ စားအုန်းဆီ တပိဿာ လက်ကားရည်ညွှန်းဈေးနှုန်းဟာ အခုနှစ် ဇန်နဝါရီလက တပိဿာကို ၇,၂၈၀ ကျပ်လောက် ရှိခဲ့ရာကနေ လက်ရှိမှာ ၆,၀၈၀ ကျပ်အထိ ကျဆင်းလာတာပါ။
ပြီးခဲ့တဲ့ ၆ လတာကာလအတွင်းမှာ တပိဿာကို ကျပ် ၁၂၀၀ အထိ ကျဆင်းခဲ့တာဖြစ်လို့ ရာခိုင်နှုန်းအနေနဲ့ ၁၆ ရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းလာတာပဲဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကို ဒေါ်လာ သန်းချီပြီး နိုင်ငံခြားငွေတွေ ဆက်တိုက် ထုတ်ရောင်းပေးနေတာ တွေ့ရပါတယ်။
ဈေးကွက် စောင့်ကြည့်သူတယောက်က “ဒါက ပြည်တွင်းမှာ စားအုန်းဆီ ဈေးနှုန်းမြင့်လာမှာကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားတဲ့ သဘောပါပဲ။ ဒါမှ တင်သွင်းတဲ့ ကုမ္ပဏီတွေက ပြည်ပကနေ ဆီဝယ်ယူတဲ့အခါ လိုအပ်တဲ့ နိုင်ငံခြားငွေကို အလွယ်တကူရပြီး ပြည်တွင်းကို ဆက်တိုက် တင်သွင်းနိုင်မှာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် တပတ်အတွင်း စစ်ကောင်စီ ဗဟိုဘဏ်ကနေ စားအုန်းဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကို ဒေါ်လာ ၆သန်း ကျော်ထိ ရောင်းချပေးခဲ့တာကို ဗဟိုဘဏ်က စာရင်း အချက်အလက်တွေအရ သိရပါတယ်။
ဗဟိုဘဏ်ဟာ လောင်စာဆီနဲ့ တခြား မရှိမဖြစ် လိုအပ်တဲ့ သွင်းကုန်ပစ္စည်းတွေအတွက်လည်း နိုင်ငံခြားငွေတွေ ထုတ်ရောင်းပေးနေတာ တွေ့ရပါတယ်။
စားအုန်းဆီဟာလည်း ပြည်တွင်းမှာ မရှိမဖြစ် အခြေခံ စားသောက်ကုန်ပစ္စည်းတခုဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုက မလုံလောက်တဲ့အတွက် အများစုကို ပြည်ပကနေ တင်သွင်းနေရတာပါ။
အဲဒီလို တင်သွင်းနေရလို့ ဒေါ်လာ ဈေးတက်ရင် စားအုန်းဆီဈေးတက်တတ်တာကြောင့် စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေကို ထုတ်ရောင်းပြီး ငွေလဲနှုန်းကို တည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားနေသလို တဖက်မှာလည်း စစ်ကောင်စီက ဆီတင်သွင်းမှု လျှော့ချဖို့ကြိုးစားနေတယ်လို့ စီးပွားရေးလေ့လာ စောင့်ကြည်သူတွက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ မြန်မာကျပ်နဲ့ ဒေါ်လာအကြား လဲလှယ်နှုန်းကတော့ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းကစကာ တက်ရိပ်ပြခဲ့ပြီး ဒီနေ့ဇွန် ၂၃ ရက်နေ့မှာ တဒေါ်လာကို ၄,၅၈၀ ကျပ်အထိ မြင့်တက်နေပါတယ်။