
ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်မှုဖြစ်စဉ် ၁၇၀ ရှိခဲ့ပြီး အရပ်သား နေ့စဉ် သွားလာတဲ့ နေရာတွေမှာ ဖြစ်ပွားမှုက အများဆုံး ဖြစ်ကြောင်း Myanmar Witness က ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ တနှစ်တာအတွင်း Myanmar Witness ရဲ့ “မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနှင့် ရေရှည်မသန်စွမ်းမှု အခြေအနေ အစီရင်ခံစာအနှစ်ချုပ်” အရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်မှုဖြစ်စဉ် ၁၇၀ နဲ့ အဲဒီဖြစ်စဉ်တွေကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း အယောက် ၂၃၀ ရှိခဲ့ကြောင်း သိရပါတယ်။
ထိခိုက်သေဆုံးသူတွေထဲ သာမန်အရပ်သားတွေက အများဆုံးဖြစ်ကာ ၅၇ ယောက် သေဆုံးခဲ့ပြီး ၁၇၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်မှုဖြစ်စဉ် အများဆုံးမှာ အရပ်သားတွေ နေ့စဉ်သွားလာနေတဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ကာ ဖြစ်စဉ် ၈၉ မှု ရှိခဲ့ပြီး စုစုပေါင်းဖြစ်စဉ် အားလုံးရဲ့ ၅၂ ရာခိုင်နှုန်းလောက် ရှိကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် လူသွားလမ်းဘေးမှာ ၅၆ မှု၊ လူနေအိမ်နဲ့ ရပ်ရွာပတ်ဝန်းကျင်မှာ ၄၄ မှု၊ စစ်ဘက်ဆိုင်ရာ နေရာတွေအနားမှာ ၁၉ မှုနဲ့ လယ်ယာစိုက်ခင်းတွေမှာတော့ ၁၈ မှု ရှိခဲ့ကြောင်း Myanmar Witness က မှတ်တမ်းတင်ထားပါတယ်။
ဒီဖြစ်ရပ်တွေအပြင် နေအိမ်ဝင်းအတွင်း သန့်ရှင်းရေးလုပ်တာ၊ ခြံစိုက်ပျိုးတာနဲ့ ကစားနေတာတွေ ပြုလုပ်နေချိန်မှာပဲ မိုင်းနင်းမိတဲ့ ဖြစ်စဉ် ၂၃ မှုရှိကြောင်း ဖော်ပြထားပါတယ်။
Myanmar Witness ရဲ့ အယ်ဒီတာနဲ့ စုံစမ်းဖော်ထုတ်ရေးဆိုင်ရာ မန်နေဂျာ စီလီယာပါဝဲလ်က “အဓိက စိုးရိမ်ရတဲ့အချက်က မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်း (ERW) တွေရဲ့ အန္တရာယ်ဟာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ နေရာတွေမှာပဲ ရှိနေတာမဟုတ်ဘဲ အရပ်သားတွေ နေ့စဉ်အသုံးပြုနေတဲ့ နေရာတွေမှာလည်း ရှိနေကြောင်း သတင်းရရှိထားတာ ဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ ဘုန်းကြီးကျောင်းတွေ၊ လမ်းတွေ၊ နေအိမ်တွေနဲ့ ဈေးတွေအနီးတဝိုက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီအန္တရာယ်တွေဟာ လူတွေရဲ့ ခရီးသွားလာနိုင်မှု၊ အလုပ်လုပ်နိုင်မှု၊ ဝန်ဆောင်မှုတွေနဲ့ ပညာရေးကို လက်လှမ်းမီနိုင်မှုအပြင် မိမိတို့ နေအိမ်တွေဆီ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်” လို့ ပြောပါတယ်။
ခြေလက်ဖြတ်တောက်ရသူ အရေအတွက် မြင့်မားနေတာ ဖြစ်တဲ့အတွက် မြေမြှုပ်မိုင်း နောက်ဆက်တွဲ အကျိုးဆက်တွေဟာ ပြင်းထန်ပြီး သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေမှာတင် အဆုံးသတ်သွားတာ မဟုတ်ကြောင်းနဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ ရေရှည်ပံ့ပိုးကူညီမှု၊ ပြန်လည်ထူထောင်ရေးနဲ့ အရေးပေါ်ဆေးကုသမှုတွေကို ရရှိဖို့ လိုအပ်နိုင်ကြောင်းကိုလည်း ဖြည့်ပြောပါတယ်။
လက်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း စစ်တပ်က လူနေအိမ်တွေအတွင်း ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားတွေ ထိခိုက်ရတဲ့ ဖြစ်စဉ်တွေရှိပြီး ဒေသကာကွယ်ရေး တပ်တွေရဲ့ ခွင့်ပြုချက်ရှိမှသာ နေအိမ်တွေမှာ ပြန်လည်နေထိုင်စေလိုကြောင်း ချောင်းဦးမြို့နယ် ပကဖ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက သတိပေး ပြောပါတယ်။
“စစ်ကြောင်းက ရွာတွေထဲကို ဝင်ပြီးတော့ ပြန်ထွက်သွားတဲ့အချိန်မှာ ရွာထဲမှာ ထောင်ထားခဲ့တာပေါ့။ ပြည်သူတွေနေတဲ့ နေအိမ်တွေထဲတို့ ရွာထဲမှာရှိတဲ့ အဝင်အထွက် လမ်းတွေမှာ ထောင်ထားခဲ့တာ များတယ်။ အဓိက,ကတော့ စစ်တပ်ရဲ့ စစ်ကြောင်းတွေပေါ့။ သူတို့ target ထားတာကတော့ ပြည်သူပဲ ဖြစ်ဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူနေအိမ်တွေထဲမှာ ထောင်ထားခဲ့တဲ့ မိုင်းတွေဆိုတော့ ဒါ ပြည်သူကိုပဲ ရည်ရွယ်ပြီး ထောင်ခဲ့တယ်လို့ ပြောလို့ရတာပေါ့။ ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းတွေက စိတ်ချရတဲ့ အနေအထားမှ ဝင်နေခွင့် ပြုတာပေါ့နော်။ ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက် မရှိသေးဘဲနဲ့ ဝင်တဲ့အခါဆိုရင်တော့ ထိတာမျိုးတွေ ရှိတယ်။ ကျနော်တို့က မိုင်းမရှင်းရသေးဘူး၊ ဝင်နေခွင့် မပြုသေးဘူး ဆိုတာကို ခိုးဝင်တဲ့ ပြည်သူ ၂ ဦးတော့ ထိဖူးတာ ရှိတယ်ဗျ။”
ရှမ်းပြည်နယ်မှာတော့ ထိခိုက်သေဆုံးသူ ၆၉ ယောက်နဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ထိခိုက်သေဆုံးသူ ၆၃ ယောက်နဲ့ ကချင်ပြည်နယ်မှာ ထိခိုက်သေဆုံးသူ ၂၃ ယောက်ရှိကာ ဖြစ်စဉ်အရေအတွက်အရလည်း ရှမ်းပြည်နယ်မှာ ၅၂ မှု၊ ရခိုင်ပြည်နယ်မှာ ၅၀ နဲ့ ကချင်ပြည်နယ်မှာ ၁၆ မှုကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။
ထိခိုက်သူတွေထဲ အမျိုးသား ၁၃၆ ယောက်နဲ့ အမျိုးသမီး ၃၉ ယောက်တို့ ထိခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အရွယ်ရောက်ပြီး အမျိုးသားတွေအနေနဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်ချိန်နဲ့ ခရီးသွားလာချိန် ထိခိုက်မှုများခဲ့ပြီး အမျိုးသမီးတွေမှာတော့ အိမ်ဝန်းကျင်သန့်ရှင်းရေး၊ ဥယျာဉ်ခြံစိုက်ပျိုးရေးနဲ့ ဟင်းသီးဟင်းရွက် ရှာဖွေချိန်တွေမှာ ထိခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကလေးသူငယ် ၄၇ ယောက် ထိခိုက်ခဲ့ရာ ၁၄ ယောက်က သေဆုံးပြီး ၃၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေကို ကစားတာ ဒါမှမဟုတ် ကိုင်တွယ်တာတွေကြောင့် ထိခိုက်ခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။











