A အဆောင်နဲ့ B အဆောင်တို့ကို ယာဉ်ယန္တရားတွေသုံးပြီး ဖယ်ရှားရှင်းလင်းတာနဲ့ ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်နေတာမှာ ဇွန် ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က B အဆောင် အခန်းအမှတ် G-3 ကနေ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပါတယ်။
မွန်းလွဲပိုင်းမှာ အဲဒီအခန်းကနေ ပန်ချီကားတွေ၊ ထိုင်းဘတ်ငွေ ၁၀၀၀ တန် ၉ ရွက်၊ Passport စာအုပ် ၁ အုပ်၊ မြန်မာငွေကျပ် ၄၁ သိန်းကျော်၊ ဒေါ်လာ ၅၀ တန် ၁ ရွက်၊ ရွှေဆွဲသီး ၂ ခု၊ ရွှေလက်စွပ် ၁ ကွင်း၊ ရွှေဖီချူး ၁ ခုနဲ့ စာရွက်စာတမ်းတွေ တွေ့ရလို့ ပိုင်ရှင်ဆီကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။






ဇွန် ၁၉ ရက် ညနေ ၄ နာရီခွဲကျော်မှာ B အဆောင်ကနေ အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းတွေ့ရှိထုတ်ယူနိုင်ပြီး ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲမှာလည်း B အဆောင် အခန်းအမှတ် L 9 ကနေ အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအခန်းကနေ ငွေကျပ် သိန်း ၁၂၀ နဲ့ စာရွက်စာတမ်းတွေလည်းရခဲ့ပြီး ပိုင်ရှင်ဆီကို လွှဲပေးပြီးပြီ လို့ ဆိုပါတယ်။
ဇွန် ၂၃ ရက် မနက် ၁၁ နာရီမှာတော့ B အဆောင် အခန်းအမှတ် L9 ကနေ အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထပ်တွေ့လို့ ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။
နေ့လယ် ၁၂ နာရီမှာ A အဆောင်နဲ့ B အဆောင်ကြားကနေ ဘယ်သူဘယ်ဝါမှန်းမသိရသေးတဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ပြီး ညနေ ၄ နာရီကျော်မှာတော့ B အဆောင်ကနေ ဘယ်သူဘယ်ဝါမှန်းမသိသေးတဲ့ အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Sky Villa ဟာ ငလျင်ကြောင့် မန္တလေးမှာ အသေအပျောက်အများဆုံးဖြစ်သလို ကျန်ရှိတဲ့ရုပ်အလောင်းတွေကို ထုတ်ယူနေဆဲဖြစ်ပြီး ဒီနေ့အထိ ရုပ်အလောင်း ၁၅၀ ဝန်းကျင် ထုတ်ယူနိုင်ခဲ့ပါတယ်။
Photo : MFSD