DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့ထဲ စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်နေဟု KIA ပြော
DVB
·
June 23, 2025
ဗန်းမော်မြို့ထဲ စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်နေဟု KIA ပြော
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲကို စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်းတွေ သုံးပြီး နေ့တိုင်းပစ်ခတ်နေသလို အခုရက်ပိုင်း မြေပြင်ထိုးစစ်ဆင်လာလို့ မြေပြင်တိုက်ပွဲရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  ဘက်က ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက်အထိဆိုရင် ၇ လနီးပါး ကြာမြင့်လာပါပြီ။

ပြီးခဲ့တဲ့ မေလ တတိယပတ်ထဲမှာ KIA က စစ်ကောင်စီရဲ့  Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂ စီးကို ပစ်ချခဲ့တဲ့နောက်ပိုင်း တိုက်ပွဲတွေ ငြိမ်ခဲ့ပေမဲ့ ဇွန်လနောက်ဆုံးအပတ်မှာတော့ မြေပြင်တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်လို့ KIA ဘက်က ပြောပါတယ်။

KIO/KIA သတင်းပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက “ရပ်ကွက်တချို့တွေမှာ စကစ ဘက်ကနေ သူတို့ လက်လွတ်သွားရတဲ့ ရပ်ကွက်တွေ တချို့တွေရှိတယ်။ နောက် သူတို့ လုံခြုံရေးနေရာယူထားတဲ့ RC တိုက် တချို့တွေလည်း သူတို့လက်လွှတ်ထားတာ ရှိပါတယ်။ အဲဒီနေရာတွေမှာ သူတို့က ပြန်ရအောင် ထိုးစစ်ဆင်တဲ့ပုံစံမျိုးနဲ့ ဝင်ထိုးတာတွေ ဝင်ပစ်တာတွေကတော့ ရှိပါတယ်” လို့ ပြောပါတယ်။

ဒါကြောင့်ပဲ တိုက်ပွဲကြီးတွေ မဟုတ်ပေမဲ့ ခုခံကာကွယ်စစ်တွေရှိနေပြီး စစ်တပ်က လက်နက်ကြီး၊ ငယ်တွေအပြင် ဒရုန်း၊ လေကြောင်းနဲ့ပါ နေ့တိုင်းပစ်ခတ်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ရှေ့တန်းမှာရှိတဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ စစ်ရေးရင်းမြစ်ကတော့  မြစ်ရေတက်ချိန်မှာ KIA PDF တွေဘက်က ရိက္ခာ၊ ခဲယမ်း ထောက်ပို့လမ်းကြောင်း ခက်ခဲတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက အခုလို ထိုးစစ်ဆင်နေတာလို့ ပြောပါတယ်။

ဗန်းမော်ဒေသခံ စစ်ရေးရင်းမြစ်တယောက်က “စကစတွေ ပြန်ထိုးလာတာရှိတယ်။ ဒီ ဗန်းမော်မြစ်ဆိပ်တကြောဘက်ကနေပေါ့။ အဲဒီ စကခ ၂၁ ကနေ၊ ဧရာဝတီမြစ်တလျှောက်ပေါ့။ ထိုးလာပြီးမှ ဒီ ခွန်သာဆိုတဲ့ဘက်ကို ရောက်ခဲ့ပြီပေါ့ အဲမှာ။ စကစတွေက အဓိက ဒီ... လွန်ခဲ့တဲ့အပတ်တွေက ရေကြီးတော့၊ ရေကြီးတာကို အခွင့်ကောင်းယူပြီး စကစတွေ ပြန်ထိုးတာပေါ့နော်။ သံချပ်ကာရော၊ ဒရုန်းရော၊ ဂျက်တိုက်လေယာဉ်ရော သုံးပြီး အဲဒီလို” လို့ ပြောပါတယ်။

အခုစစ်ကြောင်းထိုးတယ်ဆိုတဲ့ ခွန်သာရပ်ကွက်ဟာ မြစ်ဘေးမှာရှိတာ ဖြစ်သလို မင်းလှရပ်ကွက်ကတော့ စကခ ၂၁ ရဲ့ မြောက်ဘက် ဘေးကပ်ရပ်မှာ တည်ရှိနေကာ အဲဒီရပ်ကွက် ၂ ခုဟာ အကွာအဝေးအားဖြင့် ၃ မိုင်ဝန်းကျင် ကွာဝေးပါတယ်။

ဒါ့အတူ ဗန်းမော်ဆေးရုံကြီးဝန်းကျင်၊ တပ်ကလေးဘက်တွေမှာလည်း စစ်ကြောင်းထိုးတာရှိသလို စစ်တပ်က ကံဦးဘုန်းကြီးကျောင်းမှာ အခြေပြုပြီး ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဗန်းမော်မြို့မှာ စကခ ၂၁၊ ခလရ ၄၇၊ စစန ၆၄၁ နဲ့ စစ်ဆေးရုံ၊ ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်နဲ့ တပ်မ ၈၈ အထိုင်ချထားတဲ့ ဗန်းမော်တက္ကသိုလ်တို့ကို KIA နဲ့ PDF တွေက သိမ်းပိုက်ဖို့ ကျန်ရှိနေချိန်မှာ စစ်တပ်က အခုလို တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013