DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ် ရေလက်ကြား အီရန် မပိတ်အောင် တရုတ် တားမြစ်ရန် အမေရိကန် တောင်းဆို
DVB
·
June 23, 2025
ဟော်မုဇ် ရေလက်ကြား အီရန် မပိတ်အောင် တရုတ် တားမြစ်ရန် အမေရိကန် တောင်းဆို
Donate to DVB

ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းဝန်းကျင် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြား မပိတ်ချရေးနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ အီရန်ကို ဖျောင်းဖျဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

အီရန် နျူကလီးယားစက်ရုံ ၃ နေရာကို အမေရိကန်ဘက်က ဗုံးကြဲတိုက်ခိုက်မှုအပြီး Fox News သတင်းဌာနနဲ့ အင်တာဗျူးမှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို အနေနဲ့ အခုလိုမျိုး မှတ်ချက်ပေးခဲ့တာပါ။

“အီရန်သာ အဲဒီလို လုပ်မယ်ဆိုရင် (Economic Suicide) ကိုယ့်စီးပွားရေးကို သတ်ရာရောက်ပါတယ်။ အမေရိကန်မှာတော့ တခြားရွေးချယ်စရာတွေ ရှိနေပါသေးတယ်။ ကျနော်တို့ထက်စာရင် တခြားနိုင်ငံတွေရဲ့ စီးပွားရေးအပေါ် ပိုပြီးထိခိုက်စေနိုင်တယ်” လို့ ရူဘီအိုက ပြောသွားပါတယ်။

“အဲဒီကိစ္စအတွက် အီရန်နဲ့ဆက်သွယ်ဖို့ တရုတ်အစိုးရကို တိုက်တွန်းလိုပါတယ်။ ဘာလို့လဲဆိုတော့ ပေကျင်းက ရေနံအတွက် ဟော်မုဇ် ရေလက်ကြားအပေါ် အလွန်မှီခိုနေရတာကြောင့်ပါ” ဆိုပြီး ဇွန် ၂၂ ရက် အင်တာဗျူးမှာ ဖြည့်စွက်ပြောပါတယ်။

အီရန်လွှတ်တော်ကနေ ဟော်မုဇ် ရေလက်ကြား ပိတ်ပစ်ဖို့ မဲခွဲအတည်ပြုပြီးနောက် အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

ဟော်မုဇ် ပိတ်မယ့်လုပ်ရပ်က အမေရိကန်နဲ့အတူ တခြားနိုင်ငံတွေရဲ့ တုံ့ပြန်ချက် အပါအဝင် အရှေ့အလယ်ပိုင်း ပဋိပက္ခကိုပါ ပိုမိုပြင်းထန်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေနဲ့တော့ ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။

အီရန်အတွက် အဓိကကျတဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခဲ့ရာမှာ B-2 ၇ စင်း အပါအဝင် စစ်ဘက်လေယာဉ် ၁၂၅ စင်းနဲ့အထက်၊ တော်မာဟော့ခ်ဒုံးကျည် ၂ ဒါဇင်ကျော်၊ ဘန်ကာခွင်းဗုံး ၁၄ လုံးအထိ အသုံးပြုခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

အီရန်အစိုးရဘက်က မိမိကိုယ်ကို ကာကွယ်ဖို့ ကတိပြုခဲ့တဲ့အလျောက် အမေရိကန်အပေါ်  လက်တုံ့ပြန်တာမျိုး မလုပ်ဖို့ ရူဘီအို အနေနဲ့ သတိပေးခဲ့သလို တီဟီရန်နဲ့ ဆွေးနွေးဖို့လည်း အသင့်ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ရေနံစျေးကတော့ ၅ လတာအတွင်း အမြင့်ဆုံးဖြစ်တဲ့ ၃ ရာခိုင်နှုန်းကျော်အထိ တက်လာခဲ့ပြီး Brent ညွှန်းကိန်းမှာ တစည်ကို ၈၁ ဒသမ ၄၀ ဒေါ်လာနဲ့ West Texas Intermediate - WTI မှာ ၇၈ ဒသမ ၄၀ ဒေါ်လာ ရှိခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ အနည်းငယ် ပြန်ကျသွားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013