
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ သဒွတ်လျိုအုပ်စု တောင်တွန်းကျေးရွာက နေအိမ်တအိမ်မှာ ဇွန် ၂၂ ရက် မနက် ၉ နာရီ ၁၅ မိနစ်က လူတစု ဝင်လာပြီး ဓားပြတိုက်တာကြောင့် ငွေကျပ် ၁၀ သိန်းနဲ့ ရွှေ၊ လက်ဝတ်ရတနာတချို့ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဥ်သိရှိသူတယောက်က “ခြံထဲမှာ ဆေးအရောင်းဝယ် ပြုလုပ်နေတယ် သတင်းရလို့ လာစစ်ဆေးတာပါဆိုတဲ့ ပုံစံမျိုးနဲ့ ဝင်လာတယ်။ TNLA ကပါ ဆိုပြီးတော့ နာမည်ကို အလွဲသုံးစား လုပ်သွားတာ ရှိတယ်၊ သေနတ်ပစ္စတိုတလက် ပါတယ်၊ လက်ပစ်ဗုံး ၂ လုံးပါတယ်” လို့ ပြောပါတယ်။
ဓားပြတိုက်ခံရမှုကြောင့် ငွေသား ၁၀ သိန်း၊ ငါးမူးသား ဆွဲကြိုးတကုံး၊ ရိုးရိုးလက်စွပ်တကွင်းနဲ့ ကျောက်လက်စွပ် ၂ ကွင်းတို့ ပါသွားတယ်လို့ ပြောပါတယ်။
ဓားပြတိုက်သူတွေက ၂၅ နှစ်အရွယ် အိမ်ထောင်သည်အမျိုးသမီးနဲ့ ၁၆ နှစ်အရွယ် အမျိုးသမီး တို့ကို အဝတ်အစားတွေချွတ် ဝတ်လစ်စလစ်ပုံကို ဓာတ်ပုံရိုက်ယူသွားပြီး ဒီကိစ္စကို တိုင်တာမျိုး လုပ်မယ်ဆိုရင် ဒီပုံတွေကို လိုင်းပေါ်တင်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားခဲ့တယ်လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ မေ ၂၃ ရက်က သူခိုးဓားပြ ၃ ယောက်ကို လက်လုပ်သေနတ်တလက်၊ လက်ကိုင်ဓားမြောင် ၄ လက်၊ ပစ္စတိုတစ်လက်နဲ့ ယာဘဆေးပြား ၅၀ နဲ့အတူ ဖမ်းဆီးရမိခဲ့သေးတယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။