DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် စစ်ကောင်စီတပ်က မြစ်ရေတက်တာကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုး
DVB
·
June 23, 2025
ဗန်းမော်တွင် စစ်ကောင်စီတပ်က မြစ်ရေတက်တာကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုး
Donate to DVB

ကချင်ပြည်နယ်ထဲက မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးလှုပ်ရှားနေတယ်လို့ ကချင်ရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဇွန်လ ဒုတိယနဲ့ တတိယအပတ်အတွင်းမှာ ဗန်းမော်မြို့ မြစ်ကမ်းတလျှောက်က နေရာတွေကို ဧရာဝတီမြစ်ရေကြီးပြီး မြစ်ရေတက်လာတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲနေတယ်လို့ ရှေ့တန်းက သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“အရင်အပတ်တွေ ရေတက်တုန်းကလည်း ကျနော်တို့ အနိမ့်ပိုင်းမှာရှိနေတော့၊ သွားလာရ ခက်တာတွေကို အခွင့်ကောင်းယူပြီးတော့ စစ်ကြောင်းထိုးလာတာတွေရှိတယ်။ နှစ်ဖက် တိုက်ပွဲတွေလည်း ရှိတယ်။ အခုလာမယ့်အချိန်တွေမှာလည်း ဘယ်လိုလာမလဲ မသိသေးဘူး။”

ဗန်းမော်မြို့ စက်လှေဆိပ်အောက်ပိုင်းတွေ ဖြစ်တဲ့ ခွန်သာ၊ တပ်ကလေး ရပ်ကွက်တွေဟာ မြေနိမ့်ပိုင်းမှာ ရှိနေတာကြောင့် နှစ်စဉ် ဧရာဝတီမြစ်ရေကြီးတဲ့အချိန် ရေဝင်ရောက်လေ့ရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ ကားဂိတ်နားက ကံဦးဘုန်းကြီးကျောင်းမှာ အခြေပြုပြီးတော့ သံချပ်ကာပစ်ကူး၊ ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ ခွန်သာ၊ တပ်ကလေးဘက်ကို စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။

လွန်ခဲ့တဲ့ တပတ်အတွင်း စစ်ကောင်စီဘက်က ဗန်းမော်ဆေးရုံကြီး လမ်းဆုံနေရာတွေကို စစ်ကြောင်းထိုးလာကြောင့် တပတ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားတာရှိခဲ့တယ်လို့ မြေပြင်က သတင်းရင်းမြစ်ကနေ သိရပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ် တယောက်က “သူတို့(စကစ)ဘက်က ဆေးရုံကြီးလမ်းခွဲဘက်ကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့တယ်။ မြို့ပေါ်ပတ်ဝန်းကျင်ပေါ့၊ ခွန်သာဘက် ထိုးတယ်၊ ဆေးရုံးကြီးလမ်းခွဲ မီးပွိုင့်ဘက်တွေကို ထိုးလာတာရှိတယ်” လို့ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေမှာတော့ ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ နယ်မြေရှင်းလင်းနေတဲ့အကြောင်း ဒရုန်းကနေ ရိုက်ကူးထားတဲ့ ရုပ်သံဗီဒီယိုတွေကို မကြာခဏ ဖော်ပြလေ့ရှိပါတယ်။

ဗန်းမော်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ဗန်းမော်စုပေါင်းရုံး၊ စုပေါင်းရုံးနဲ့ နောက်ကျောချင်းကပ်နေတဲ့ စည်ပင်ရုံး၊ မြို့နယ် ရဲစခန်း၊ သိမ်းတော်ကြီး ဘုရားနားက ဝင်းလိုက် ဟိုတယ်နဲ့ ကံဦးဘုန်းကြီးကျောင်းတွေမှာ အခိုင်အမားနဲ့ စခန်းချ ခုခံနေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်ရင်းခန်းတွေ ဖြစ်တဲ့ စကခ (၂၁)၊ ခလရ (၄၇)၊ စစန (၆၄၁) နဲ့ မိုးမောက်လေးမိုင်ဘက်ခြမ်းက စစ်ဆေးရုံ၊ ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်နဲ့ တပ်မ(၈၈) အထိုင်ချထားတဲ့ နမ့်ဖား ဗန်းမော်တက္ကသိုလ်တွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013