
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇွန် ၂၂ ရက် မနက် ၆ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချခဲ့လို့ အမျိုးသမီး တယောက် ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးသွားတယ်လို့ Indaw Revolution - IR အဖွဲ့ဆီကနေ သိရပါတယ်။
Indaw Revolution - IR ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အင်းတော်မြို့နယ်ထဲက နဘားရွာမှာရှိတဲ့ ရန်အောင် မင်္ဂလာဘုန်းကြီးကျောင်းကို စစ်တပ်တိုက်လေယာဥ်က ဗုံး ၂ ကြိမ်ကို မိနစ်ပိုင်းလေးခြားပြီး ရှေ့ဆင့်နောက်ဆင့် ကြဲချသွားတာပါ။ လမ်းပေါ်မှာ ခရီးသွားနေတဲ့ အမျိုးသမီး တယောက်ကတော့ ခေါင်းမှာ ဗုံးစထိမှန်တဲ့ ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းအတွင်းက သာသနိက အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ ရဟန်းသံဃာတော်တွေဟာ စစ်ဘေးရှောင်နေကြလို့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံတဦးက “အဲဒီဘုန်းကြီးကျောင်းက မန္တလေး -မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတယ်။ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဘုန်းကြီးကျောင်းကို ဦးတည်တိုက်ခိုက်သွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗုံးကြဲသွားတဲ့လေယာဥ်က မကြဲခင်မှာ အဲဒီကျောင်းပေါ်ကို ဝဲပြီးတော့ကို ပစ်မှတ်ကို သေချာရွေးနေခဲ့တာ။ အဲဒီရွာက တရွာလုံး စစ်ဘေးရှောင်နေကြတာ ၂ နှစ် နီးပါးရှိနေပြီ။ အခုတော့ တိုက်ပွဲတွေလည်း မရှိတော့ဘူး။ အင်းတော် တမြို့နယ်လုံးမှာက စစ် (--) တွေလည်း ကင်းစင်သွားပြီ။ ဒါပေမဲ့ လေကြောင်းရန်ရှိနေသေးလို့ ပြည်သူတွေ ပြန်မလာကြသေးတာ”လို့ ပြောပါတယ်။
အင်းတော်မြို့နယ်တခုလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
အင်းတော်မြို့ဟာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ ရှေ့တန်းဌာနချုပ်အခြေစိုက်ရာ မြို့တမြို့ဖြစ်ကာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က အင်းတော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၈ လနီးပါးကြာတိုက်ခိုက်ခဲ့ရပြီး အင်းတော်မြို့နယ်တခုလုံးကို သိမ်းပိုက်ရရှိခဲ့ ပါတယ်။