
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုနဲ့ ထီးချိုင့်ဘက်ကို အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်း ခွဲထိုးလာတဲ့ စစ်အာဏာရှင်တပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။
စစ်ကိုင်းနဲ့ ကချင်အစပ်က အင်းတော်မြို့ကတဆင့် ဝန်းသိုနဲ့ ထီးချိုင့်ဘက်တွေကို စစ်အာဏာရှင်တပ်က အင်အား ၅၀၀ လောက်သုံးပြီး အောက်တိုဘာလဆန်းပိုင်းမှာ စစ်ကြောင်း ထိုးနေတာပါ။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၂ ရက်လောက်မှာတော့ မဲဇာဘက်ကို ရောက်လာခဲ့ပြီး အင်းတော်-ထီးချိုင့်လမ်းဆုံက ကျောင်းကုန်းဘက်ကို စစ်ကြောင်းတခု၊ ဝန်းသိုဘက်ကို စစ်ကြောင်းတခုစီ ခွဲထွက်လာတာပါ။
အောက်တိုဘာ ၂၆ ရက် အထိတော့ ဝန်းသိုဘက်ဦးတည်တဲ့စစ်ကြောင်းက ဝန်းသိုနယ် ကံကုန်းနဲ့ ဖီလေးရွာမှာ ရောက်ရှိခဲ့သလို ကျောင်းကုန်းဘက် ဦးတည်တဲ့ စစ်ကြောင်းကတော့ မအူကုန်းနဲ့ လယ်ပြင်ရွာကို ရောက်ရှိနေပြီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ နီးစပ်တဲ့ စစ်ရေး ရင်းမြစ်ကတယောက်က ပြောပါတယ်။
“အောက်တိုဘာ ၁၁ ၊ ၁၂ လောက်မှာ သူတို့ နန့်သဲမှာ ထိုင်တဲ့ စစ်ကြောင်းက ကျောင်းကုန်းဘက် သွားတယ်။ မဲဇာမှာ ထိုင်တဲ့စစ်ကြောင်းက ဝန်းသိုဘက်ကို သွားလိုက်တယ်ပေါ့နော်။ အခု ကျောင်းကုန်းဘက် သွားတဲ့စစ်ကြောင်းက စစ်ကြောင်းတခုလုံး ပြုတ်လုနီးပါးထိ သူတို့တွေ ခံနေရတယ်ဆိုတော့ ဝန်းသိုဘက်ကနေ ပြန်လှည့်ပြီးတော့ ကျောင်းကုန်းဘက်ကိုသွားမဲ့ စစ်ကြောင်းကို စစ်ကူဖို့ ပြန်ပြီးတော့လှည့်ထိုးနေတာပေါ့။ အခုချိန်ထိလည်း တိုက်ပွဲက ဆက်ဖြစ်နေတာပေါ့၊ တိုက်ပွဲကလည်း ဆက်ပြီးတော့ ပြင်းထန်နေတုန်းပဲ ရှိသေးတယ်။”
တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း စစ်ကြောင်း ၂ ကြောင်းလုံးကို ကြားဖြတ် တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လယ်ပြင်၊ မအူကုန်းရွာတိုက်ပွဲတွေထဲ စစ်အာဏာရှင်ဘက်က အရာရှိတယောက်ကိုလည်း အရှင်ဖမ်းမိထားတယ် သတင်းတွေ ထွက်နေပါတယ်။
လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိသလို၊ စစ်သုံ့ပန်း ဖမ်းဆီးရမိတာနဲ့ အလင်းဝင်သူတွေလည်း ရှိနေပေမဲ့ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့စည်းတွေက ထုတ်ပြန်လိမ့်မယ်လို့ ဆိုပါတယ်။
ဒါအတူ စစ်အာဏာရှင်ဘက်က အောက်တိုဘာ ၈ ရက်ကနေ ၂၇ ရက်အထိ လေကြောင်းဗုံးတွေ ဆက်တိုက်ကြဲချနေကာ အောက်တိုဘာ ၂၄၊ ၂၅ နဲ့ ၂၆ ရက်တွေမှာ လေယာဉ် ၁၅ စင်းလောက်အထိ သုံးပြီး ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိနေတဲ့ အခြေအနေကို အင်းတော်ဒေသခံက “အခု တိုက်ပွဲဖြစ်နေတဲ့ ရွာတွေက အိမ်ခြေ ၇၀၊ ၈၀ ဝန်းကျင်ရှိတဲ့ ရွာကြီးတွေ၊ တောင်သူရွာတွေလေ။ လဆန်းပိုင်းက ကျနော် အင်းတော်ဘက် ရောက်သေးတယ်။ စစ်ကြောင်းထိုးပြီဆိုတာနဲ့ ပြန်ပြေးလာတာ။ လူမနေတဲ့အိမ်တွေလည်း ဖွင့်ထားတယ်။ ကျနော့် အိမ်ရော၊ အလုပ်ရုံရော ဖွင့်ထားလျက်ကြီးပဲ။ အင်းတော်က မြို့ပေါ်မှာရော အနီးဝန်းကျင်က ရွာတွေရော အိမ်စောင့်ပဲရှိတာ။ တကယ်ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ကျန်ခဲ့တာ။ အခုတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေအကုန် ပြန်ရှောင်ကြတာပေါ့။ လူအမည်နဲ့ ရွာအမည်ပဲ သေသေချာချာပဲ မသိရတာ၊ ကြားရတာက ထိလို့ သေတာကိုက ၃ ၊ ၄ ယောက် လောက်ရှိတယ်။ ဒဏ်ရာရတာက ၁၀ ယောက်နီးပါး ပြောကြတယ်”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကချင်-စစ်ကိုင်းအစပ်က မြို့တွေနဲ့ ကားလမ်းတွေကို စိုးမိုး ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
တကယ်လို့ စစ်တပ်က ဝန်းသို၊ ကောလင်းကို အခြေကုပ် ရယူနိုင်ခဲ့ရင် ပင်လည်ဘူးအထိ ထိုးစစ်ဆင်လာနိုင်တဲ့အကြောင်း စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။











