DVB Logo
Home
မြန်မာသတင်း
အင်းတော်က ထွက်လာသည့် စစ်တပ် စစ်ကြောင်း ၂ ခု တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား
သုတချမ်းသာ
·
October 29, 2026
၂၀၂၅  ဧပြီလဆန်း အင်းတော်မြို့သိမ်းတိုက်ပွဲမှတ်တမ်း။ (Photo: Indaw Revolution-IR)
၂၀၂၅ ဧပြီလဆန်း အင်းတော်မြို့သိမ်းတိုက်ပွဲမှတ်တမ်း။ (Photo: Indaw Revolution-IR)
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ဘက်ကို ထွက်လာတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်း ၂ ခုစလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေနဲ့ လက်နက်ချသူ အများအပြား ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်က အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကို ဂျိုးတောင်ကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းကွပ်ကဲသူ အရာရှိ အပါအဝင် စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်းတော်မြို့ကနေ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်ကြောင်းကိုလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၄ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်အထိ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဒုဗိုလ်မှူးကြီးအဆင့်ရှိ နည်းဗျူဟာမှူး အပါအဝင် အရာရှိတွေကို ဖမ်းဆီးရမိခဲ့သလို တပ်သား ၁၀၀ နီးပါးလည်း အလံဖြူထောင် လက်နက်ချခဲ့ကြပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တပ်သားတချို့ တပ်ဖျောက် ပုန်းရှောင်နေကြတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေ ရှင်းလင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

မြေပြင် စစ်ရေးအခြေအနေ မကောင်းပေမဲ့ အင်းတော်မြို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ စစ်တပ်က အောက်တိုဘာ ၂၈ ရက်အထိ အင်းတော်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အင်းတော်ဒေသခံတယောက်ရဲ့ ပြောပြချက်အရ တိုက်ပွဲဟာ အင်းတော်နဲ့ ကောလင်း-ထီးချိုင့် ဗျူဟာလမ်းမကြီးပေါ်က ဂျုံးဂျုံးကျရွာသစ်နဲ့ လယ်ပြင်ရွာ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝန်းသိုဘက်ကို ရောက်ရှိသွားတဲ့ စစ်ကြောင်းမှာ ကားတစီးစာ ရိက္ခာနဲ့ ပစ္စည်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က ဟုမ္မလင်း၊ မိတ္ထီလာ၊ တံတားဦးနဲ့ မကွေးတို့မှ တိုက်လေယာဉ်တွေနဲ့ Y-12 လေယာဉ်တွေကို အသုံးပြုကာ နေ့ရောညပါ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေပြီး လယ်ပြင်၊ မအူကုန်းနဲ့ ဘုတလက်ရွာဝန်းကျင် ကားလမ်းဘေးတလျှောက်ကို ပတ်ကြဲနေတယ်လို့ သိရပါတယ်။

အခုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် အင်းတော်နဲ့ ဝန်းသိုမြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၅ ရွာဝန်းကျင်ရှိ ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

စစ်အာဏာရှင်တပ်ဟာ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းပေါ်ရှိ ထီးချိုင့်-အင်းတော်-ကသာ လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

ကသာနဲ့ ထီးချိုင့်ဘက်မှာတော့ လတ်တလော တိုက်ပွဲပြင်းထန်မှု မရှိသေးပေမဲ့ တော်လှန်ရေးအဖွဲ့တွေဘက်က ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ထီးချိုင့်ဘက်က တက်လာတဲ့ စစ်တပ်တွေဟာ ညောင်ခြေထောက်မှာ ရှိနေခဲ့ပြီး အဆိုပါအဖွဲ့တွေဟာ တကောင်းဘက်ကို ပြန်လည်ဆင်းသွားမဲ့ အရွှေ့အပြောင်းတွေ ရှိနေကြောင်း ဒေသခံတယောက်က ပြောပါတယ်။

ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် ဧပြီ ၇ ရက်တုန်းက အင်းတော်မြို့ အပါအဝင် စစ်အာဏာရှင်တပ်ရဲ့ အခြေစိုက်ဗျူဟာကုန်းတွေကို သိမ်းယူခဲ့ပြီး အဆိုပါ မြို့သိမ်းတိုက်ပွဲမှာ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး အပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တာပါ။

နောက်ပိုင်းမှာ စစ်တပ်က ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ အင်းတော်မြို့ကို ပြန်သိမ်းဖို့ ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလမှာ မြို့ပေါ်နေရာတချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က မြို့ပေါ်နေရာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒေသတွင်း လမ်းပိုင်းတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားဆဲဖြစ်တာကြောင့် မြေပြင်စစ်ရေးမှာ အသာစီးမရဘဲ အခက်အခဲတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013