
ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့တော်၊ ဒွယ်လာရပ်ကွက်ရှိ မာအီးလီးယပ်စ် ဘုရားကျောင်းမှာ အသေခံဗုံးခွဲသမားတယောက်က ဇွန် ၂၂ ရက်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၂၀ ထက်မနည်း သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေနဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆီးရီးယားသမ္မတဟောင်း ဘတ်ရှား အယ်လ် အာဆတ်ကို အစ္စလာမ္မစ်ဦးဆောင် သူပုန်ထမှုကနေ ဖြုတ်ချပြီးတဲ့နောက် ဒမတ်စကတ်မြို့တော်မှာ ပထမဆုံး အသေခံဗုံးခွဲမှုက ဒီဇင်ဘာလမှာ ဖြစ်ခဲ့ဖူးပါတယ်။
အသေခံဗုံးခွဲသူဟာ အိုင်အက်စ်အဖွဲ့၀င်တယောက် ဖြစ်တယ်လို့ ဆီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
သူဟာ ဘုရားကျောင်းထဲကို ဝင်ပစ်ခတ်ပြီးတဲ့နောက် သူ့ရဲ့ ဖောက်ခွဲရေးအင်္ကျီကို ဖောက်ခွဲခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုမှာ မိမိကိုယ်ကို ဖောက်ခွဲခဲ့သူ အပါအဝင် အမျိုးသား ၂ ယောက် ပါတယ်လို့ အမည်မဖော်တဲ့ လုံခြုံရေးသတင်းရင်းမြစ်တခုက ပြောပါတယ်။
တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲအတွင်း လူ ၂ ယောက်က ဖောက်ခွဲရေးပစ္စည်းတွေ၊ ခါးပတ်တွေ ကိုင်ဆောင်ခဲ့ပြီး ဖောက်ခွဲဖျက်ဆီးတာ မလုပ်ခင် အပြင်ဘက်မှာ ပစ်ခတ်ခဲ့လို့ အသင်းတော်က ပစ်ခတ်သံကို ကြားခဲ့ရတယ်လို့ ဘုရားကျောင်းက ဘုန်းကြီးတပါးက ပြောခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၂ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အသွင်ကူးပြောင်းရေးအဆင့်အတွက် ဇန်န၀ါရီလမှာ မတာဝန်ယူမီ အာဆတ်အပေါ် ထိုးစစ်ကို ဦးဆောင်ခဲ့တဲ့ လက်ရှိ ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရားက လူနည်းစုတွေကို အကာအကွယ်ပေးမယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့ဖူးပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဟာ ၂၀၁၆ ခုနှစ်မှာ ဆာယေဒါ ဇိုင်နက်ဘ်မြို့မှာ ရှီးယိုက်ဘုရားဖူးတွေကို အဓိကတိုက်ခိုက်မှု အပါအဝင် ဘာသာရေး လူနည်းစုတွေကို ပစ်မှတ်ထားခဲ့ပါတယ်။
Source: Reuters