Home
နိုင်ငံတကာ
အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက်မှု ပါကစ္စတန် ရှုတ်ချ
DVB
·
June 23, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အဆိုပြုတယ်လို့ ကြေညာခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ နောက်တရက်အကြာ အီရန်ကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့အပြီးမှာတော့ ပြန်လည်ရှုတ်ချခဲ့ပြန်ပါတယ်။

ပြီးခဲ့တဲ့လက အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခ အဆုံးသတ်စေရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖန်တီးသူ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ထရမ့်ပ်ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အဆိုပြုကြောင်း ဇွန် ၂၁ ရက်မှာ ပါကစ္စတန်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“ကြီးကျယ်တဲ့ မဟာဗျူဟာမြောက် အမြော်အမြင်ကြီးမားမှုနဲ့ ထူးချွန်ပြောင်မြောက်တဲ့ နိုင်ငံပြု သုခမိန်ဆန်မှုတွေကို ပြသခဲ့တယ်” လို့ ထရမ့်ပ်ကို ပါကစ္စတန်က ချီးကျူးခဲ့တာပါ။

ဒါပေမဲ့ ၂၂ ရက်နေ့မှာ အမေရိကန်က အီရန်နျူစခန်းတွေကို ဗုံးကြဲလိုက်ချိန်မှာတော့  လေသံပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

အီရန် နျူကလီးယားစခန်းတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ ထရမ့်ပ် ဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပြီး သံတမန်ရေးနည်းလမ်းကသာ အီရန်အကျပ်အတည်းကို ဖြေရှင်းဖို့ တခုတည်းသောနည်းလမ်း ဖြစ်တယ်လို့ ပါကစ္စတန်က ထုတ်ပြန်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ်ကလည်း အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံကို ဖုန်းဆက်သွယ်ခဲ့ပြီး “အမေရိကန်တိုက်ခိုက်မှုကို ပါကစ္စတန်က ရှုတ်ချကြောင်း” သတင်းစကားပါးခဲ့ပါတယ်။

ပါကစ္စတန်မြို့တော် ကရာချိမှာလည်း အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း လူထောင်ချီ ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။

ထရမ့်ပ်ပုံပါတဲ့ အမေရိကန်အလံကြီးတခုကို ဆန္ဒပြသူတွေ ချီတက်တဲ့လမ်းမှာ တက်နင်းဖို့အတွက် ချထားခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အမေရိကန်၊ အစ္စရေးနဲ့ ပါကစ္စတန်ရဲ့ ဒေသတွင်းရန်ဘက် အိန္ဒိယကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ရေရွတ်ခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024