
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ကို ရာထူးကဖယ်ရှားဖို့ အထက်လွှတ်တော်အမတ်တစုရဲ့ တောင်းဆိုမှုအပေါ် လက်ခံဖို့ သင့် မသင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇွန် ၂၃ ရက်မှာ ကနဦး စိစစ်မှု ပြုလုပ်ဖွယ်ရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
လျှောက်ထားသူတွေရဲ့ လက်မှတ်တွေ မှန်ကန်မှုရှိသလား၊ ဝန်ကြီးချုပ်ကို ဖယ်ရှားရေး အကြောင်းပြချက်တွေဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီသလား ဆိုတာကို ကနဦး စိစစ်မှာဖြစ်ပါတယ်။
ဇွန် ၂၄ ရက်မှာ ဒီလုပ်ငန်းစဉ် ပြီးစီးရင်တော့ ဇွန် ၂၆ ရက်လောက်က စပြီးတော့ ခုံရုံးတရားသူကြီး ၃ ပါးထိုင်ကာ ဥပဒေရှုထောင့်အရ လက်ခံစဉ်းစားဖို့ သင့် မသင့် ထပ်စိစစ်မှာဖြစ်ပါတယ်။
အဲဒီအဆင့်တွေမှာ အတည်ပြုနိုင်မှသာ ဖွဲ့စည်းပုံခုံရုံး တရားသူကြီးအားလုံးပါဝင်တဲ့ စုံညီခုံရုံးနဲ့ အမှုကို စစ်ဆေးမှာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဖုန်းဆက်သွယ်ဆွေးနွေးမှု အသံဖိုင် ပေါက်ကြားခဲ့အပြီးမှာ ထိုင်းညွန့်ပေါင်းအစိုးရ ပြိုလဲမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ ဖိအားတွေလည်း တိုးလာနေပါတယ်။
ခုံရုံးကသာ အမှုကို လက်ခံပြီးတော့ ဝန်ကြီးချုပ်ကို တာဝန်က ယာယီရပ်စဲဖို့ အမိန့်ထုတ်ခဲ့ရင် ဒုဝန်ကြီးချုပ် ဝီချာယာချိုင်းက ယာယီဝန်ကြီးချုပ်တာဝန် ယူရဖွယ်ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။