DVB Logo
Home
Lead Story
မြန်မာပြည်ငြိမ်းချမ်းရေး မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ်ကို ထောက်ခံဟု ထိုင်းဝန်ကြီးချုပ်ပြော 
DVB
·
September 25, 2026
Photo: UN
Photo: UN
Donate to DVB

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့မှုဆိုင်ရာ ကိစ္စရပ်တွေမှာ မြန်မာတွေကိုယ်တိုင် ဦးဆောင်ဖြေရှင်းတာကို ထောက်ခံတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထိုင်းဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာမှာ အိမ်နီးချင်း မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်းပြောသွားတာပါ။

ထိုင်းနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာတွေကိုယ်တိုင် ဦးဆောင်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းမှုကို ထောက်ခံတယ်လို့ ဝန်ကြီးချုပ် အနုထင်းက ပြောပါတယ်။

မြန်မာနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းတာ ဖြစ်ပေါ်လာဖို့နဲ့ တိုးတက်မှုတွေ ရရှိအောင် ဆောင်ရွက်နိုင်ရေး လိုအပ်ချက်ကိုလည်း သူက အလေးပေး ပြောပါတယ်။

အာဆီယံအတွင်းမှာလည်းကောင်း၊ သက်ဆိုင်ရာ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီးလည်းကောင်း မြေပြင်မှာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေရဖို့ တွန်းအားပေးရင်း အပြုသဘောဆောင်ပြီး စနစ်တကျ ပြန်လည်ထိတွေ့ဆက်ဆံမှုကို ယုံကြည်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ကမ္ဘောဒီးယားနဲ့ ပတ်သက်ပြီးလည်း နယ်စပ်ပြဿနာတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး အပါအဝင် နယ်စပ်လုံခြုံရေး တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့တယ်။

ဝန်ကြီးချုပ် အနုထင်းက “ထိုင်းနိုင်ငံဟာ ပဋိပက္ခကို ဘယ်တုန်းကမှ မလိုလားခဲ့ပါဘူး။ သို့သော်လည်း ငြိမ်းချမ်းရေးဆိုတာ တကယ်တမ်း အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ တည်ဆောက်နိုင်မှာဖြစ်ပြီး ဒါဟာ ကမ္ဘောဒီးယားဘက်က စစ်မှန်တဲ့ ကြိုးပမ်းအားထုတ်မှုမျိုး သေချာပေါက် လိုအပ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာရေးရာတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေရဲ့ အသံပိုမိုထွက်ပေါ်လာစေရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုသွားပါတယ်။

ကုလသမဂ္ဂမှာ အာရှဒေသကို ကိုယ်စားပြုမှု ပိုမိုရရှိစေရရှိစေဖို့နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နေရာအတွက် အမျိုးသမီးတယောက်ကို ခန့်အပ်ဖို့ အချိန်တန်နေပြီလို့လည်း ထိုင်းဝန်ကြီးချုပ်က  မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဒေသဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုလည်း ထိုင်းဝန်ကြီးချုပ်က အလေးပေး ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013