DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ် ဘန်ကောက် ရေဘေး ကွင်းဆင်းစစ်ဆေးစဉ် ဆန္ဒပြခံရ 
DVB
·
September 28, 2026
Photo: Khaosod News
Photo: Khaosod News
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ  ၃ ရက်တာ ရေကြီးတဲ့နောက် ပြည်ပကနေ တာဝန်နဲ့ ပြန်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ အစိုးရဝန်အဖွဲ့ဝင် ဝန်ကြီးတွေ၊ ဘန်ကောက်မြို့တော်ဝန် စတဲ့ တာဝန်ရှိသူတွေနဲ့အတူ ရေဘေးသင့် ဘန်းခဲင်နယ်မြေရှိ ရူမ့်ဖတ်ထနားအိမ်ရာကို စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက သွားရောက်စစ်ဆေးခဲ့ချိန်မှာ ဆန္ဒပြခံခဲ့ရပါတယ်။ 

ရေထဲမှာ ၃ ရက်ကြာ ပိတ်မိနေတဲ့ ပြည်သူတွေဟာ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ ချက်ချင်း ရောက်မလာတဲ့အပေါ် စိတ်ခုပြီး “အသောမတတ် ချမ်းသာနေကြပြီ” လို့ အရွဲ့တိုက် အော်ဟစ် ပြောဆိုခဲ့ကြပါတယ်။ တချို့ကလည်း “ဝန်ကြီးချုပ်ကို ကိုယ်တိုင် မဲပေးခဲ့တာ” ၊ “ခုကျမှ ဘာလာလုပ်တာလဲ”၊ “ပြန်သွား” စသဖြင့် အော်ဟစ်ခဲ့ကြသလို တချို့ကတော့ “လှေစီးပြီး အတွင်းပိုင်းကို လာကြည့်လှည့်”လို့ ဖိတ်ခေါ်ပါတယ်။

ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က ပြည်သူတွေနဲ့ အနီးကပ်တွေ့ဆုံရာမှာတော့ သူတို့မှာ အိမ်သာ အခက်အခဲဖြစ်နေလို့ ရွေ့လျားအိမ်သာ ပို့ပေးဖို့ တောင်းဆိုတာရှိသလို တချို့ကလည်း မနေ့က ထမင်းထုပ် လာဝေတာ မလောက်ငကြောင်း တိုင်တန်းကြတယ်။

ဝန်ကြီးချုပ်ကလည်း ရွေ့လျားအိမ်သာ စီစဉ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေ ရှိသေးသလား၊ ရေထဲမှာ ကြာကြာနေရင် ကျန်းမာရေးထိခိုက်နိုင်လို့ ကယ်ဆယ်ရေးစခန်းကို ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ဒါ့အပြင် အဲဒီနားမှာ ရောင်းချနေတဲ့ အသားလုံးဆိုင်က အသားလုံး ဘတ်  ၃,၀၀၀ ဖိုး၊ ကွေ့သယို  ဘတ် ၅,၀၀၀ ဖိုး၊ စိတ်တိုင်းကျထမင်းဆိုင်က ဘတ် ၁၀,၀၀၀ စုစုပေါင်း ဘတ် ၁၈,၀၀၀ ဖိုးကို ကိုယ်ပိုင်ငွေနဲ့ ပေးချေခဲ့ပြီး အဲဒီရပ်ကွက်က ရေဘေးသင့်ပြည်သူတွေကို ကျွေးမွေးဖို့ မှာကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေဟာ လတ်ခ်ဆီနယ်မြေ ဘန်းခဲင်ရပ်ကွက် စာသင်ကျောင်းမှာ ဖွင့်ထားတဲ့ ရေဘေးသင့်သူများ ယာယီကယ်ဆယ်ရေးစခန်းကိုလည်း သွားရောက်ပြီး အခြေခံအစားအစာနဲ့ ဆေးဝါးပါ ကယ်ဆယ်ရေးအိတ်တွေ ဝေငှပေးခဲ့ပါတယ်။

ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ဘာတွေ ထောက်ပံ့ပေးမလဲလို့ ပြည်သူတွေ မေးမြန်းတာမှာ ဥပဒေက သတ်မှတ်ထားတဲ့ ပမာဏနှုန်းထားတွေအတိုင်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ 

ရေကြီးရေလျှံပြဿနာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို တောင်းပန်လိုပါသလားလို့ သတင်းထောက်က မေးမြန်းရာမှာ ဝန်ကြီးချုပ်က “ကျနော်တို့ တာဝန်ကို အပြည့်အဝ ထမ်းဆောင်နေပါတယ်။ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်၊ အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်၊ ပြဿနာတွေကို တတ်နိုင်သမျှ အကောင်းဆုံး ဖြေရှင်းဖို့ ကြိုးစားနေပါတယ်” လို့ ပြောသွားပါတယ်။ 

ထိုင်းဝန်ကြီးချုပ် အနုထင်းဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားဖို့  အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ကမှ ထိုင်းနိုင်ငံကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

လတ်ခ်ဆီနယ်မြေထဲမှာ စက်တင်ဘာ ၂၅ မှ ၂၇ ရက်အထိ ရေကြီးရေလျှံမှုကြောင့် ရပ်ကွက် ၃၉ ခုက အိမ်ထောင်စုပေါင်း ၁၀,၀၁၇ စု  ပြည်သူ ၆၉,၅၆၅ ယောက် ရေဘေးသင့်ခဲ့ပြီး ထာ့ဆိုင်း စာသင်ကျောင်း၊ လတ်ခ်ဆီဘုန်းကြီးကျောင်းနဲ့ ဘန်ခဲစာသင်ကျောင်းတွေမှာ ယာယီ ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားပါတယ်။ 

ဘန်ကောက်ခရိုင်တခုလုံးအနေနဲ့ ရေကြီးရေလျှံမှု ၃ ရက်တာကာလအတွင်း  အိမ်ထောင်စုပေါင်း ၃ ဒသမ ၂၉ သိန်းမှ လူဦးရေ  ၇၀၀,၀၀၀ ခန့် ရေဘေးသင့်ခဲ့တယ်လို့ ဘန်ကောက်မြို့တော်ဝန် နိုင်းချာ့ချတ် ဆစ်ထိဖန် က  စက်တင်ဘာ ၂၈ မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ဒီကနေ့ စက်တင်ဘာ ၂၈ ရက်မှာ လမ်းမကြီးပေါ်က ရေတွေ တရိပ်ရိပ် ပြန်ကျနေပြီး လမ်းကြားထဲက     ရပ်ကွက်တွေတော့ ရေတွေ အိုင်နေဆဲရှိပါသေးတယ်။ 

ဘန်ကောက်ဧရိယာနေ ပြည်သူတွေ ရေဘေးအကူအညီလိုအပ်က အရေးပေါ်ဖုန်းလိုင်း ၁၅၅၅  ကို ၂၄ နာရီ ခေါ်ဆိုနိုင်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ 

Source: Bangkok Biznews /  The Bangkok Insight  News / Khaosod News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013